၁၇ ဒီဇင်ဘာ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီဒုတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ်အသင်းများသည် ကစားသမားသစ်များ ခေါ်ယူမှုများအပါအဝင် ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုမျှော်မှန်းထားသည့် အသင်းများမှာ ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသလို ကျန်အသင်းများမှာလည်း ထိုက်သင့်သည့် ကစားသမား ခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။

ရာသီကြိုအပြောင်းအရွှေ့ကာလကို နိုဝင်ဘာ ၁၁ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိ နှစ်လကြာဖွင့်လှစ်ထားပြီး ရန်ကုန်အသင်းက ကစားသမားသစ်များစွာခေါ်ယူကာ အပြောင်းအရွှေ့စျေးကွက်ကို ဦးဆောင်လျက်ရှိသည်။ ရန်ကုန်အသင်းသည် နိုင်ငံခြားသားကစားသမားလေးဦး၊ ပြည်တွင်းကစားသမားခြောက်ဦး ခေါ်ယူထားပြီး လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ ပြည်တွင်းကစားသမားတစ်ဦးနှင့် နိုင်ငံခြားသားကစားသမားသုံးဦး ခေါ်ယူထားသည်။

ရန်ကုန်အသင်းသည် ပြည်တွင်းကစားသမားများဖြစ်သည့် ထိုက်ထိုက်အောင်၊ မောင်မောင်ဝင်း၊ ကြည်လင်း၊ ရန်ပိုင်စိုး၊ အောင်ကျော်နိုင်နှင့် သိန်းသန်းဝင်းတို့ကို ခေါ်ယူထားပြီး နိုင်ငံခြားသားကစားသမားအဖြစ် နောက်ခံလူ အဘူဘာကာ၊ ကွင်းလယ်ကစားသမား ရှိုရာ၊ တိုက်စစ်မှူးများဖြစ်သည့် ဘာဖိုနှင့် အီမန်နျူရယ်တို့ကို ခေါ်ယူထားသည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ရခိုင်အသင်းမှ လက်ရွေးစင်နောက်ခံလူ ငြိမ်းချမ်းကို ခေါ်ယူထားပြီး ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် နိုင်ငံခြားသားကစားသမားများအနက် ကွင်းလယ်ကစားသမား မက်ဆီမင်ကိုသာ သက်တမ်းတိုးပြီး တိုက်စစ်မှူး ကိသ်မာတူနာ၊ ကွင်းလယ်ကစားသမား အဘူဘာကာနှင့် နောက်ခံလူ ဒန်နီရယ်လ်တို့ကို ခေါ်ယူထားသည်။

ဧရာဝတီအသင်းမှာမူ နိုင်ငံခြားသားကစားသမားများ ခေါ်ယူမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်း မရှိသေးဘဲ ပြည်တွင်းကစားသမားအဖြစ် သန်းထက်အောင်ကိုသာ ခေါ်ယူထားသည်။ ဦးမျိုးမင်းထွန်း ကိုင်တွယ် မည့် ဟံသာဝတီအသင်းမှာလည်း ကစားသမားသစ်များခေါ်ယူထားပြီး MNL အတွေ့အကြုံရှိသည့် နောက်ခံလူ မိုကာလူး၊ တိုက်စစ်မှူးများဖြစ်သည့် အီမီကာနှင့် ဒိုနယ်ဘစ်ဆာတို့ကို ခေါ်ယူထားကာ ပြည်တွင်းကစားသမားများအဖြစ် အောင်လှိုင်ဝင်း၊ သန့်ဇင်ဝင်းနှင့် နန်းဝေမင်းတို့ကို ခေါ်ယူထားသည်။

ရတနာပုံအသင်းမှာမူ လာမည့်ရာသီတွင်လည်း ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ဖွယ်ရှိနေပြီး အပြောင်းအလဲအချို့သာ ပြုလုပ်မည်ဖြစ်သည်။ အခြားအသင်းများဖြစ်သည့်စစ်ကိုင်း၊ ရခိုင်၊ မကွေး၊  ဇွဲကပင်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းတို့မှာလည်း လိုအပ်သည့်ပြင်ဆင်မှုများ၊ ကစားသမားခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။


၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ရာသီကြို ချာရတီဖလားပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်