ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ

၂၀ ဒီဇင်ဘာ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီဒုတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကလပ်အသင်းများအနေဖြင့် ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။ ပြည်တွင်းကစားသမားများအပြင် ပြည်ပကစားသမားများကိုလည်း ခေါ်ယူအားဖြည့်လျက်ရှိပြီး ရှမ်းယူနိုက်တက်၊ ဧရာဝတီတို့မှာ သွက်လက်စွာလှုပ်ရှားနေပြီး ကျန်အသင်းများမှာလည်း လိုအပ်နေသည့်နေရာများတွင် အားဖြည့်လျက်ရှိသည်။ 

 

ရန်ကုန်အသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြင်ဆင်မှုများ စနစ်တကျပြုလုပ်လျက်ရှိသည်။ ပြိုင်ပွဲနှစ်ခု ချန်ပီယံဖြစ်ခဲ့သည့် ကစားသမားများကို အခြေခံကာ ပြည်တွင်းကစားသမားသစ်နှစ်ဦး၊ ပြည်ပကစားသမားသစ်တစ်ဦး အားဖြည့်ထားသည်။ ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် နိုင်ငံခြားသား ကစားသမားများအနက် တိုက်စစ်မှူး ဆယ်လာ၊ ကွင်းလယ်လူ ယာမာဇာကီ၊ နောက်ခံလူ မိုကာလူးတို့ကို သက်တမ်းတိုးခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား မီလာကို အသစ်ခေါ်ယူခဲ့သည်။

 

ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် မင်းကိုသူ (ဟံသာဝတီ) နှင့် သက်ပိုင်စိုး (Southern) တို့ကို ခေါ်ယူထားသည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ပြည်တွင်းကစားသမားအချို့နှင့် လမ်းခွဲခဲ့သလို နိုင်ငံခြားသားကစားသမားလေးဦးစလုံးကိုလည်း သက်တမ်းတိုးခြင်းမရှိဘဲ အသစ်ခေါ်ယူလျက်ရှိသည်။ ပြည်တွင်းကစားသမားခေါ်ယူမှုအဖြစ် နန္ဒကျော်၊ ဆက်ဖြိုးဝေ(မကွေး)၊ ရဲရင့်ထွန်း (ရတနာပုံ)၊ ပြည့်စုံအောင် (Southern)တို့ကို ခေါ်ယူထားသလို ပြည်ပကစားသမားများအဖြစ် ဘရာဇီးနိုင်ငံသားဖြစ်သော နောက်ခံလူ ဒီဒီမာ၊ ကွင်းလယ်တိုက်စစ်ကစားသမား ဂူစတာဗို၊ တိုက်စစ်မှူး မေကွန်တို့ကို ခေါ်ယူထားသည်။ ဂူစတာဗိုသည် ၂၀၁၆ ရာသီတွင် ရှမ်းအသင်း၌ ကစားဖူးပြီး တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်သည်။

 

ယခုရာသီတွင် အပြောင်းအလဲများစွာ ပြုလူပ်ထားသည့်အသင်းမှာ ဧရာဝတီအသင်းဖြစ်ပြီး တစ်သင်းလုံးနီးပါးနှင့် လမ်းခွဲကာ ကစားသမားသစ်များ ခေါ်ယူထားသည်။ ခေါ်ယူထားသည့် ပြည်တွင်းကစားသမားများတွင် ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ လွင်မိုးအောင်၊ စိုးမိုးကျော် စသည့်ကစားသမားများ ပါဝင်လျက်ရှိသည်။ မကွေးအသင်းမှာလည်း လက်ရွေးစင်အဆင့် ကစားသမားများထွက်ခွာသွားသောကြောင့် ကစားသမားသစ်များ အားဖြည့်ထားသည်။

 

လာမည့်ရာသီတွင် ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်မည့်အသင်းများပြားလာဖွယ်ရှိနေပြီး ချန်ပီယံဆု လေးကြိမ်ရဖူးသည့် ရတနာပုံအသင်းမှာလည်း မောင်မောင်စိုး၊ လှိုင်မျိုးအောင်စသည့် ပြည်တွင်းကစားသမား အနည်းငယ်ကိုသာ ခေါ်ယူထားသည်။ MNL အမှတ်ပေးပြိုင်ပွဲမှာ ဇန်နဝါရီ ၁၂ ရက်တွင် စတင်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၂၀ ရက်အထိ ပွဲစဉ်ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ