တောင်တွင်းကြီး ၂၅ ဇွန်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ လေးရွာမှာ ဘူတာကုန်း၊ ပန်းတောကြီး၊ ညောင်ပင်လှ၊ ဝက္ကသေး ကျေးရွာတို့ဖြစ်ပြီး စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း လေးခု၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တစ်ခု၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း သုံးခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၉ ဒသမ ၈၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကျေးရွာလေးရွာတွင် စက်ရေတွင်းနှင့် ဆက်စက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အိမ်ခြေ ၁၆၀၇ အိမ်မှ လူဦးရေ ၆၇၄၃ ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောသည်။
ငြိမ်းသူ


