ထက်ဝေအောင်(စစ်ကိုင်း)
ရန်သူမျိုးငါးပါးတွင်ပါရှိသည့် မီးဘေးသည် စည်းစိမ်ဥစ္စာအားလုံးကို ဖြိုဖျက်နိုင်စွမ်းရှိသည်။ ရွှေငွေပစ္စည်းများ သူခိုးဓားပြလက်ပါသွားလျှင်ပင် မရွှေ့မပြောင်းနိုင်သည့် စည်းစိမ်အချို့ ကျန်ရှိနိုင်သေးသည်။ မီးဘေး ကြုံလာပါက စည်းစိမ်ဥစ္စာအားလုံး ပျက်စီးဆုံးရှုံးနိုင်သည်။ ဘေးအန္တရာယ်များတွင် မီးဘေးအန္တရာယ်သည် အဖြစ်အများဆုံးနှင့် ဆုံးရှုံးမှုအများဆုံးဖြစ်သည်။
မီးဘေးသည် လူတို့ဖန်တီးအပ်သည့် သဘာဝ ပတ်ဝန်းကျင်အလှတရားနှင့် မြို့ပြအလှကို တဒင်္ဂမျှဖြင့်ပင် ရာသီမရွေးဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ လတ်တလောဖြစ်ပွားခဲ့သည့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် တောမီးလောင်ကျွမ်းမှုမှ စတင်ခဲ့သည့် မီးဘေးကြောင့် အဆောက်အအုံများစွာ မီးလောင်ပျက်စီးခဲ့ရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်ရာလေပင့်ဆိုစကားနှင့်အညီ အရှေ့မြောက်ပိုင်းအပါအဝင် အခြားသော နေရာများအထိ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သည်။ လူနှင့်သတ္တဝါများအား ဆင်းရဲဒုက္ခ ဖြစ်စေသော မီးဘေးအန္တရာယ်ကို မဖြစ်ပွားမီကပင် ကြိုတင် ကာကွယ်ကြရမည်ဖြစ်ပါသည်။
သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး
မီးဘေးအန္တရာယ်သည် လူအများ ဂရုစိုက်မှုနည်းပါးခြင်းကြောင့် ဖြစ်ပွားသော ပြဿနာတစ်ရပ် ဖြစ်သည်။ မထင်မှတ်သည့်အချိန် မထင်မှတ်သည့် နေရာတွင် လောင်ကျွမ်းနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ပေါ့ဆခြင်း၊ သတိမမူခြင်းများကြောင့် မီးဘေးအန္တရာယ်ကြုံတွေ့ကြရသည်။ လူ့သမိုင်းတစ်လျှောက်တွင် မီးသည် အသုံးဝင်အရေးပါဆုံး ဖြစ်ခဲ့သည်။ မီးသည်လူသားတို့၏ လူနေမှုဘဝပုံစံကို ပြောင်းလဲပေးနိုင်စွမ်းရှိခဲ့သည်။ သို့သော် မီးသည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ကြီးစွာသောဘေးအန္တရာယ်တစ်ခုသာဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မီးဘေးများ ကိုလေ့လာကြည့်ပါက ပေါ့ဆမီးကြောင့်အဖြစ်များသည်ကို တွေ့ရသည်။ မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်ကျွမ်းခြင်း၊ လောင်စာဆီများ စည်းကမ်းတကျ မထားသိုခြင်းကြောင့် လောင်ကျွမ်းခြင်း၊ လျှပ်စစ်ဝိုင်ယာလျှော့ဖြစ်ခြင်းကြောင့် လောင်ကျွမ်းခြင်း၊ ကလေးများ မီးနှင့်ကစားသောကြောင့် လောင်ကျွမ်းခြင်းနှင့် လမ်းသွားလမ်းလာများ ဆေးလိပ်မီးကို စည်းကမ်းမဲ့ လွှင့်ပစ်ခြင်းတို့ကြောင့် လောင်ကျွမ်းမှု ဖြစ်စဉ်များဖြစ်ပွားရကြောင်း လေ့လာတွေ့ရှိရသည်။
မီးဘေးအန္တရာယ်ဖြစ်ပွားခြင်းကို လေ့လာ ကြည့်ပါက သဘာဝကြောင့်ဖြစ်ရသော မီး၊ လူတို့ ပေါ့ဆသောမီးအဖြစ် အပိုင်းနှစ်ပိုင်းတွေ့ရသည်။ရာသီဥတုပူပြင်းခြင်း၊ မီးလောင်လွယ်သော အမှိုက်သရိုက်များ လွယ်လင့်တကူ စွန့်ပစ်ခြင်း၊ လျှပ်စစ်မီးအလွန်အကျွံသုံးစွဲခြင်း၊ အိမ်တွင်းလောင်စာနှင့် မီးလောင်လွယ်သည့်ပစ္စည်းများ ထားရှိခြင်းတို့ကြောင့် မီးလောင်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွား ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်သည် မီးလောင်ရန် အဓိကအချက်များဖြစ်သည့် အောက်ဆီဂျင်၊ လောင်စာနှင့် အပူရှိန်တို့ ဓာတ်ပြုမှုမှတစ်ဆင့် မီးလောင်မှုဖြစ်ခြင်းကြောင့် မီးငြှိမ်းသတ်ရန် ကြိုးစားဆောင်ရွက်ရာတွင် အောက်ဆီဂျင်၊ လောင်စာနှင့် အပူရှိန်တစ်ခုခု ဖယ်ထုတ်လိုက်ပါက မီးလောင်ကျွမ်းမှုရပ်ဆိုင်း သွားမည်သာဖြစ်ပါသည်။
လျှပ်စစ်မီးသုံးစွဲခြင်းများ သတိပြုဆင်ခြင်
ရပ်ကွက်တိုင်း၊ လူတိုင်းမီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနက ထုတ်ပြန်ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။ အဆောက်အအုံ ထုထည်ကြီးမားသည့် ငွေကြေးဆုံးရှုံးနိုင်ခြေများပြားသော ရုံး/ ဌာနများ၊ ဈေးကဲ့သို့အဆောက် အအုံများတွင် မီးဘေးစီမံချက်များ ရေးဆွဲရန်လိုအပ်သည်။ မီးတားလမ်းများ ဖောက်လုပ်ခြင်း၊ ရပ်ကွက်/ ကျေးရွာအတွင်း မီးသတ်ရေကန်များတွင် ရေအပြည့်ဖြည့်ထားခြင်း၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲနှင့် ရေပုံးများစီစဉ်ထားရှိခြင်းတို့အပြင် အရိပ်ရပင်၊ လေကာပင်များ စိုက်ပျိုး ထားရှိခြင်း၊ မီးဖိုနံဘေးတွင် ရေပုံးအဆင်သင့်ထားရှိခြင်းနှင့် လျှပ်စစ်မီးသုံးစွဲခြင်းလုပ်ငန်းများ အိမ်တိုင်းတွင် သတိပြုဆင်ခြင်သုံးစွဲကြမည်ဆိုပါက မီးဘေးရှောင် မလောင်ခင်တားဆီးနိုင်မည် ဖြစ်ပါသည်။
ရပ်ကွက်/ ကျေးရွာများတွင် မီးလောင်မှုဖြစ်ပွားလာလျှင် ချက်ချင်းငြှိမ်းသတ်နိုင်သော်လည်း ဈေးများ မီးလောင်လျှင်မူ နောက်ကျမှသိရလေ့ရှိသဖြင့် ဆုံးရှုံးမှုတန်ဖိုး ကြီးမားစွာပေးဆပ်ရလေ့ရှိသည်။ ဈေးသူ ဈေးသား ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် မီးဘေးအန္တရာယ်မကျရောက်ရေး ဈေးပိတ်ချိန်မတိုင်မီ မိမိဆိုင်မှ လျှပ်စစ်မီးခလုတ်များကို လိုက်လံပိတ်ရပါမည်။ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လျှပ်စစ်မီးသွယ်တန်းမှု၊ ကြိုးဆွေးမြည့်မှု၊ မီးခလုတ်များပျက်စီးမှုတို့ကို တတ်ကျွမ်းနားလည်သူများနှင့် မကြာခဏစစ်ဆေး ပြုပြင်သင့်သည်။ မိမိတို့ရောင်းချသည့် ပစ္စည်းများ နှင့် လျှပ်စစ်ပစ္စည်းများ နီးကပ်စွာထားရှိခြင်းကို လည်း သတိပြုကြရပါမည်။ ထို့ပြင်ခြင်ဆေးခွေကဲ့သို့ မီးကြွင်းမီးကျန်ကို သေချာစစ်ဆေးခြင်းဖြင့် မီးလောင်မှု ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်လျှင် မီးကြွင်းမီးကျန်ကြောင့် မီးလောင်မှုဖြစ်ပွားခြင်း၊ လမ်းသွား လမ်းလာများ၏ ဆေးလိပ်မီးကြောင့် လောင်ကျွမ်းခြင်း၊ အဖျက်စိတ်ရှိသူတို့၏ ရှို့မီးများ ကြောင့် လောင်ကျွမ်းခြင်းများကို လေ့လာသိရှိရသည်။ မီးသည် အသိမရှိ၊ လူသည်အသိရှိသည် ဆိုစကားနှင့်အညီ ဦးနှောက်ရှိသော လူသားများက သတိဦးစီးလျက် မီးဘေးအန္တရာယ်ကို ကာကွယ် ကြရမည်ဖြစ်သည်။ သတိသည် ပိုသည်မရှိ အမြဲ လိုအပ်နေလေ့ရှိပါသည်။ မီးလောင်လွယ်သော လောင်စာဆီများ ကိုင်တွယ်အသုံးပြုရာတွင် သတိ ကြီးကြီး ထားရှိရန်လိုသည်။ မီးခြစ်၊ ဖယောင်း တိုင်များကို ကလေးငယ်များနှင့် ဝေးရာထားရှိသင့်သည်။ သက်ကြီးရွယ်အိုများကို ထမင်းချက်ရန် မီးမွှေးခြင်း၊ မီးပူတိုက်ခြင်းများ မပြုလုပ်စေရန် မိသားစုဝင်များက တားမြစ်ရမည်ဖြစ်သည်။
ထို့အတူ မိမိတို့အိမ်ပတ်ဝန်းကျင်မှ အမှိုက်သရိုက်များကို မီးရှို့ဖျက်ဆီးခြင်း၊ လူမရှိဘဲ ဖယောင်းတိုင်မီး၊ လျှပ်စစ်မီးသုံးစွဲခြင်းကို သတိပြုဆောင်ရွက်ရမည်ဖြစ်သည်။ ဂက်စ်မီးဖိုအသုံးပြုသူ အိမ်ရှင်မများ ဂက်စ်မီးဖို အသုံးပြုချိန်တွင် လေဝင်လေထွက် ကောင်းစေရန် အနီးအနားရှိ ပြတင်းပေါက်များကို ဖွင့်ထားပေးရန် လိုအပ် သည်။ အိပ်ရာအနီး၊ ခြင်ထောင်အနီး ခြင်ဆေးခွေထွန်းညှိခြင်း၊ ဖယောင်း တိုင်မီး ထွန်းညှိခြင်းများ မပြုလုပ်ရန် လိုအပ်ပါသည်။ လျှပ်စစ်ကြိုးအပေါက်အပြဲများကို ပြင်ဆင်ကိုင်တွယ်ရာတွင် တတ်ကျွမ်းနားလည်သူများထံမှ အကူအညီ ရယူဆောင်ရွက်သင့်ပါသည်။
ရှောင်ကြဉ်သင့်
ယနေ့အချိန်တွင် အိမ်တွင်းလျှပ်စစ်ပစ္စည်းများဖြစ်သည့် သုံးမိနစ်ရေနွေးအိုး၊ ဆယ်မိနစ် ပေါင်းအိုး အစရှိသည့် မီးဖိုချောင်သုံးလျှပ်စစ် ပစ္စည်းများ၊ အဝတ်လျှော်စက်၊ အဲကွန်းများ၊ တီဗွီ၊ ပန်ကာ၊ ရေခဲသေတ္တာနှင့် မီးပူများ သုံးစွဲလာကြ သည်ကို တွေ့ရသည်။ လျှပ်စစ်ပစ္စည်းများတွင် ဗို့အားအသီးသီး၊ ခံနိုင်ဝန်အသီးသီးရှိသဖြင့် လျှပ်စစ် မနိုင်ဝန်သုံးစွဲခြင်းကြောင့် ဖြစ်ပွားရသော မီးလောင်မှုများစွာရှိသည်။ အိမ်တွင်းမီးကြိုးများ ဆွေးမြည့် လောင်ကျွမ်းမှု၊ ပလတ်ခုံများ အပူလွန်ကဲမီးလောင် ကျွမ်းမှုနှင့် မီးဖိုချောင်သုံးဒယ်အိုးနီများ၊ ထမင်း ပေါင်းအိုးများမှတစ်ဆင့် အပူလွန်မီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့ရှိသည်။ အလားတူ ဝိုင်ယာရှော့ခ်မီးဘေး အန္တရာယ်သည် လွန်စွာပင်ဖြစ်ပွားလေ့ရှိပြီး အန္တရာယ်ကြီးမားလှသည်။ လူအများစုသည် ပလတ်ပေါက်အမျိုးမျိုး ပွားယူသုံးစွဲကြသည့် အလေ့အကျင့်ရှိရာ ကြိုးနှင့်ဝန်ခံနိုင်အား ရှိ/မရှိကို မစဉ်းစားဘဲ လျှပ်စစ်ဝန်ကို ကြီးလေးစွာထမ်းစေခဲ့သည်။ သတိပြုဆင်ခြင်ရမည်မှာ ထမင်းဟင်း ချက်ပြုတ်နေစဉ် ရေတင်ခြင်း၊ ရေတင်နေစဉ် အဲကွန်းဖွင့်ခြင်းများ ရှောင်ကြဉ်သင့်သည်။
သို့ဖြစ်၍ မီးဘေးရှောင် မလောင်ခင်ကတားရ မည်ဖြစ်သည်။ နေအိမ်၊ ရုံးအဆောက်အအုံနှင့် အခြားသော လူမှုပတ်ဝန်းကျင်တွင် မီးသတ်ဆေးဘူးများ ဆောင်ထားသင့်ပေသည်။ အဆောက်အအုံ ကြီးမားသော နေရာများတွင် မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနက ညွှန်ကြားထားသည့် မီးသတ်ဆေးဘူးများ၊ တွန်းလှည်း မီးသတ်ဆေးဘူးများ အသုံးပြုရ မည်ဖြစ်သည်။ နေထိုင်ရာပတ်ဝန်းကျင်တွင် ဆေးလိပ်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ လျှပ်စစ်မီးလိုင်းများကို လိုအပ်ပါကကျွမ်းကျင်ပညာရှင်များဖြင့် တစ်လတစ်ကြိမ်ခန့် စစ်ဆေးခြင်း၊ ဝိုင်ယာညှော်နံ့ရပါက မီးခလုတ်များပိတ်၍ စစ်ဆေးခြင်းများ ပြုလုပ်ကြရမည်ဖြစ်သည်။ မီးနှင့်ပတ်သက်လျှင် မပေါ့မဆနေထိုင်မှသာ မြို့ရွာအိုးအိမ်ဖွံ့ဖြိုးမှု ရေရှည်တည်တံ့မည်ဖြစ်သည်။ ပေါ့ဆမီးမဖြစ်စေရေး လူတိုင်းပါဝင် သတိပြုဆင်ခြင်ကြရမည် ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ ရင်ဆိုင်ရဖွယ်ရှိသည့် ရာသီမရွေးသတိထားရမည့် မီးဘေးအန္တရာယ်ကို မဖြစ်ပွားမီ ကြိုတင်ကာကွယ် သွားကြရမည်ဖြစ်ပါကြောင်း ဆန္ဒမွန်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။