နေပြည်တော် ၉ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာသီဉတုပြောင်းလဲလာမှုကြောင့် သောက်သုံးရေရှားပါး ပြတ်လပ်မှု မရှိစေရေးအတွက် ကြိုတင်စုဆောင်း သိုလှောင်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်၊ ဦးညီထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် က နေပြည်တော်အတွင်း တည်ရှိနေတဲ့ ရေအရင်း အမြစ်များကို စနစ်တကျထိန်းသိမ်းပြီး နယ်မြေအတွင်းရေပြတ်လပ်မှု မဖြစ်ပွားစေရေး စီမံဆောင်ရွက် ထားရမည် ဖြစ်ကြောင်း၊ လက်ရှိရေပေးဝေဖြန့်ဖြူးနေတဲ့ ငလိုက်ဆည်၊ ချောင်းမကြီးဆည်၊ ဆင်သေဆည်၊ ရေဆင်းဆည် စသည့် ဆည်အသီးသီးကနေ ဖြန့်ဝေပေးနေမှုအခြေအနေများကို ပြန်လည် သုံးသပ်ကာ လိုအပ်တဲ့ ထိန်းသိမ်းမှုတွေကိုဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာများတွင်လည်း တွင်းတိမ်/တွင်းနက် ရေတွင်းများ တူးဖော်ဆောင်ရွက်မှုများအပြင် စိမ့်စမ်းရေသွယ်တန်းပေးခြင်း လုပ်ငန်းတွေကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရာသီဉတု ပြောင်းလဲလာမှု ကြောင့် သောက်သုံးရေရှားပါးပြတ်လပ်မှုများကို စနစ်တကျလေ့လာပြီး ရေရှည်အတွက် အဆင်ပြေ နိုင်မည့် ရေပေးဝေရေးစနစ်ဖြစ်ပေါ်လာစေရေး စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နေပြည်တော်ဆည်မြောင်းဦးစီးဌာန၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာန၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်တင်ပြ ဆွေးနွေးကြရာ နေပြည်တော် ကောင်စီဝင်များက လိုအပ်သည်မျာကို ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(ရွှေကုက္ကို)


