နတ်မောက် နိုဝင်ဘာ ၆
တန်ဆောင်မုန်းလ၌ မဲဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီပင်များ ဆေးပေါင်းခသည်ဟူ၍ ကျေးလက်နေပြည်သူများ မှတ်ယူကြပြီး ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာ ရေးစျေးတွင် မဲဇလီဖူးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့အတွင်း မဲဇလီပင်များသည် ကားလမ်းဘေးဝဲ/ယာများ၌ အများစုတွေ့နိုင်သည်။ မဲဇလီဖူးမှာ ဆေးဖက်ဝင်အပင်ဖြစ်ပြီး မဲဇလီဖူးကိုသုပ်စားပါက ကျန်းမာရေးနှင့်ညီညွတ်သည်။ အထူးသဖြင့် လေအတွက်ကောင်းမွန်သည်ဟု ဆိုထားသည်။ တန်ဆောင်မုန်းလပြည့်နေ့ ည ၁၂ နာရီတွင် ဆေးပေါင်းခချိန်နှင့် မဲဇလီဖူးသုပ်အကြောင်းကို လူသိများလှသည်။ လက်ရှိကာလ တန်ဆောင်မုန်းလပြည့်နီးသည့်ကာလ မဲဇလီဖူးများ ရောင်းအားကောင်းလျက်ရှိကြသည်။ တစ်နေ့လျှင် မဲဇလီဖူးချိုးသူတစ်ဦး အနည်းဆုံး မဲဇလီဖူး (၂၅)ပြည်အထိ ရရှိပြီး ပြုတ်ပြီးရောင်းချရာတွင် မဲဇလီဖူး တစ်ပြည်လျှင် ကျပ် ၁၆၀၀ ဖြင့် ရောင်းချရသည်။ လက်ရှိကာလတွင် နတ်မောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မဲဇလီဖူးရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှဝင်း