၂၉ ဇူလိုင်
မျက်မှောက်ကာလ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများသည် ပုံမှန်အားဖြင့် မိုးရာသီကာလဖြစ်သည်။ မိုးရာသီကာလဖြစ်၍ မိုးရွာသွန်းသည်မှာ အဆန်းမဟုတ်ချေ။ သို့သော် ယခုနှစ်မိုးရာသီကာလတွင် ပုံမှန်မိုးရွာသွန်းမှုထက် ပိုမိုလွန်ကဲပြီး မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံရွာသွန်းနေသည်မှာ ယခင်နှင့်မတူ ထူးခြားနေသည်။ ယခင်က ဖြစ်လေ့ဖြစ်ထမရှိသည့် မိုးရွာသွန်းမှုပုံစံကို ကြုံတွေ့နေရပြီး နောင်ကာလတွင်လည်းယင်းသို့ပင် ¬ကြုံတွေ့လာနိုင်သည်မှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်ဟု ဆိုရမည်ဖြစ်သည်။
အဆိုပါ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မြန်မာပြည်အောက်ပိုင်းရှိ အချို့ဒေသများမှ ပြည်သူများ ရေဘေးဒုက္ခများနှင့်¬ ကြုံတွေ့နေရသည်ကို မြင်တွေ့နေရသည်။ ယခုရက်ပိုင်းတွင် မြန်မာပြည်အထက်ပိုင်းတွင် မိုးပိုမိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပြန်ရာ မြန်မာပြည်အောက်ပိုင်းနှင့် အနိမ့်ပိုင်းဒေသများမှ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် ဇူလိုင်လ ၂၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ကြရသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သောကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်ကို တွေ့ရပါသည်။
ရေကြီးရေလျှံမှုပြဿနာမှာ ပေါက်ပင် ဘာကြောင့်ကိုင်း ဆိုသည့်ဥပမာကဲ့သို့ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာရပြီး ရာသီဥတုပြောင်းလဲခြင်းမှာ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးဆုံးရှုံးသောကြောင့်ဖြစ်သည်။ ရေကိုထိန်းသိမ်းနိုင်သည့် သစ်တောသစ်ပင်နှင့် မြစ်ချောင်းများကို ထိန်းသိမ်းနိုင်သည့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းလာသောကြောင့် ရေကြီးရေလျှံမှုများ နှစ်စဉ်တိုးတက်ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။
လတ်တလောတွင် ရေဘေးအန္တရာယ်နှင့်¬ ကြုံတွေ့နေရသော၊ ကြုံတွေ့နိုင်သည့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်စေပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရဖြည့်ဆည်းရေး၊ အလုပ်အကိုင်မပျက်စေရေး၊ မြစ်၊ ချောင်း၊ မြောင်းများ မပိတ်ဆို့စေရေးတို့ကို ဖြေရှင်းဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
လတ်တလောအခြေအနေတွင် ငွေကြေးနှင့် အင်အားစိုက်ထုတ်၍ လက်ငင်းပြဿနာကို ဖြေရှင်းတန်သရွေ့ ဖြေရှင်း၍ရနိုင်သေးသော်လည်း ရေရှည်အတွက်မူ စိန်ခေါ်မှုအခက်အခဲများစွာဖြင့် အချိန်ယူဖြေရှင်းကြရဦးမည် ဖြစ်သည်။ အဓိကပြဿနာဖြစ်သည့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် မြစ်ချောင်းများ ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီ ဆောင်ရွက်မှသာ ရေကြီးရေလျှံမှုများ တစ်စတစ်စ လျော့နည်းသက်သာသွားမည်ဟု ထင်မြင်ယူဆပါသည်။ ယင်းအရေးကို အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုက ဆောင်ရွက်နေရုံဖြင့် ရနိုင်လိမ့်မည်မဟုတ်ဘဲ အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်း၍ ပြည်သူများပါ ပါဝင်ဆောင်ရွက်ကြကာ အမျိုးသားရေးအသွင်နှင့် နှစ်စဉ်ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားနိုင်မှသာလျှင် အောင်မြင်နိုင်လိမ့်မည်ဟု သုံးသပ်မိပါသည်။
သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသောရေကြီးရေလျှံမှုပြဿနာများ တစ်စတစ်စ လျော့နည်းသက်သာသွားစေရန်အတွက် ပြည်သူများနှင့်အဖွဲ့အစည်းများအားလုံး ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကြေးမုံ