ပူပြင်းတဲ့ နွေရာသီရောက်လာပြီနော်။ နေ့လယ်နေ့ခင်း ပူပူအိုက်အိုက် ကာလမျိုးတွေမှာ အုန်းရည် အေးအေး၊ ချိုမြမြလေး သောက်ပြီး အပန်းဖြေကြဖို့ တွေးထားကြရဲ့လား။

 

ခုလို နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို အံတုဖို့အတွက်ဆိုရင် ရေတွေ၊ ဖျော်ရည်တွေနဲ့ အချိုရည်တွေဟာလည်း ရွေးချယ်စရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေး အတွက်လည်း ကောင်းကျိုးတွေများတဲ့ အုန်းရည်ကတော့ လူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာ တစ်ခုပါပဲ။

 

အုန်းရည်ကို အုန်းသီးကနေ ရတာဖြစ်ပြီး အုန်းသီးဟာ မာကျောတဲ့ အခွံပါရှိပေမယ့် အခွံမာအသီးမျိုး နွယ်ဝင်မဟုတ်ဘဲ သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါတယ်။ အုန်းရည်ကို လတ်ဆတ်ပြီး နုနယ်တဲ့ အုန်းသီးတွေရဲ့ အတွင်းပိုင်းကနေ ရရှိနိုင်ပါတယ်။

 

တစ်ချို့လူတွေက အုန်းရည်နဲ့ အုန်းနို့တို့ကို မကွာခြားဘူးလို့ ရှုမြင်တတ်ကြပါတယ်။ တကယ်တမ်း အုန်းရည်နဲ့ အုန်းနို့တို့အကြား ကွာခြားချက်က လတ်ဆတ်တဲ့ အုန်းရည်ထဲမှာ ရေဓာတ် ၉၄% နဲ့ အဆီ အနည်းငယ်သာ ပါဝင် နေပေမယ့် အုန်းနို့မှာတော့ ရေဓာတ် ၅၀% နဲ့ အဆီဓာတ် အမြောက်အမြား ပါဝင်နေပါတယ်။ ဒါကြောင့်လည်း အုန်းရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် အုန်းနို့ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ အဖြစ် သတ်မှတ်ခြင်းမခံရတာဖြစ်ပါတယ်။

 

လတ်ဆတ်သန့်ရှင်းတဲ့ အုန်းရည်တွေဟာ လူ့ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အကူပြုပြီး မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါတယ်။ အောက်က အချက်တွေကို ကြည့်ပါ။ အုန်းရည်ဟာ ဘယ်လောက်လူတွေကို အကျိုးပြုနိုင်သလဲ သိမြင်လာရပါလိမ့်မယ်။

 

၁။ အာဟာရ အရင်းအမြစ် အစုအဝေးကြီးဖြစ်ပါတယ်

 

ပုံမှန်အုန်းသီးတစ်လုံးမှာ အုန်းရည် ၂၄၀ မီလီဂရမ် ဝန်းကျင်လောက် ပါဝင်တတ်ပါတယ်။ ဒီပမာဏမှာဆိုရင် ကယ်လိုရီ ၄၅၊ ကာဘိုဟိုက်ဒြိတ် ၉ ဂရမ်၊ ဖိုက်ဘာ ၃ ဂရမ်၊ ပရိုတိန်း ၂ ဂရမ်၊ ဗီတာမင် စီ ၁၀% RDI (Reference Daily Intake) ၊ မက်ဂ္ဂနီဆီယမ် ၁၅% RDI ၊ မန်းဂနီစ် ၁၇% RDI ၊ ပိုတက်ဆီယမ် ၁၇% RDI ၊ ဆိုဒီယမ် ၁၁% RDI ၊ ကယ်လ်ဆီယမ် ၆% RDI တို့ပါဝင်ပါတယ်။ အထူးသဖြင့် ဖိုက်ဘာ၊ ဗီတာမင် C နဲ့ အရေးပါတဲ့ သတ္တုဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေတာမို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများအပြား ရစေတာဖြစ်ပါတယ်

 

၂။ Antioxidant တွေလည်း ပါတယ်

 

ဇီဝကမ္မဖြစ်စဉ်ကြီး တစ်ခုလုံး မှန်ကန်ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ ဆဲလ်စ်လေးတွေ နုပျိုနေဖို့ အလုပ်လုပ်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။ Free Radicals တွေဟာ လူတွေရဲ့ ဆဲလ်စ်တွေကို မတည်မငြိမ်ဖြစ်အောင် နှောင့်ယှက်လေ့ရှိပါတယ်။ ဒီ Free Radicals တွေကြောင့် စိတ်ဖိစီးမှုတွေ ထိခိုက်ဒဏ်ရာ သက်သာပျောက်ကင်းမှု နှေးကွေးတာတွေ ဖြစ်စေနိုင်ပါတယ်။ အုန်းရည်မှာပါဝင်တဲ့ Antioxidant တွေဟာ Free Radicals တွေကို ပြုပြင်ပေးပြီး လူ့ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိစေအောင် ကာကွယ်ပေးပါလိမ့်မယ်။ Antioxidant တွေကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာနဲ့ အသည်းရောဂါတွေကို တိုက်ဖျက်ရာတွေမှာလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

 

၃။ ဆီးချိုရောဂါကို တွန်းလှန်နိုင်တယ်

 

အုန်းရည်ဟာ ချိုတဲ့ ဓာတ်သဘာဝရှိပေမယ့် သူ့ရဲ့ သဘာဝအချိုဓာတ်ဟာ သွေးသကြားပမာဏကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိနေပါတယ်။ ဒီအချက်ကြောင့် ဆီးချိုသမားတွေအတွက် အချိုဓာတ်ဖြည့်ဆည်းရုံသာမက ရောဂါကို သက်သာစေဖို့အတွက်ပါ သုံးစွဲနိုင်အောင် အထောက်အကူဖြစ်စေပါလိမ့်မယ်။ အုန်းရည်မှာ Hemoglobin A1c ပါဝင်မှုနည်းပါးတာကြောင့် သွေးတွင်း သကြားဓာတ်ကို ရေရှည် ထိန်းချုပ်နိုင်စွမ်းရှိနေပါတယ်။ အုန်းရည်ပုံမှန် မှီဝဲမယ်ဆိုရင် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

 

၄။ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို တားဆီးနိုင်တယ်

 

ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို တားဆီးဖို့အတွက် အရည်နဲ့ ဖျော်ရည်တွေကို လုံလောက်တဲ့ ပမာဏတစ်ခုအထိ နေ့စဉ်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ပုံမှန် ရိုးရိုးရေဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပေမယ့် အုန်းရည်ကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာက Calcium ၊ Oxalate နဲ့ တခြားသော ကွန်ပေါင်းတွေ အစိုင်အခဲအဖြစ် စုဖွဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အုန်းရည် များများသောက်ပေးရင် ဒီပြဿနာမျိုး ဖြစ်မလာအောင် တားဆီးပေးနိုင်သလို ကျောက်တည်နေတယ်ဆိုရင်လဲ သက်သာအောင် ကူညီပေးနိုင်ပါတယ်။

 

၅။ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်

 

အုန်းရည် သောက်သုံးတာဟာ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေကို လျှော့ချနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ်။ အုန်းရည် ပုံမှန်သောက်သုံးရင် သွေးတွင်းမှာ Cholesterol နဲ့ Triglycerides ပမာဏ မြင့်တက်မလာအောင် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးဝေဒနာ တွေသာမက အသည်းအဆီဖုံးတာကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

၆။ သွေးတိုးနိုင်ခြေကို လျှော့ချပေးတယ်

 

အုန်းရည်ဟာ သွေးတွင်းမှာ ဖိအားတည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ အကောင်းဆုံး သဘာဝအရင်းအမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေပြီး ပိုတက်ဆီယမ်ဟာ သွေးတိုးခြင်းကို တားဆီးနိုင်သလို သွေးဖိအား တည်ငြိမ်အောင်လည်း အထောက်အကူပြုတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လေ့လာချက်တွေအရ အုန်းရည်ဟာ သွေးတိုးနိုင်ခြေကို ၇၁%အထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

 

၇။ လေ့ကျင့်ခန်းလုပ်တတ်သူတွေအတွက် ကောင်းကျိုးတွေပေးတယ်

 

ပုံမှန် ဒါမှမဟုတ် ရေရှည်လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိသူတွေအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ အုန်းရည် သောက်ပေးခြင်းအားဖြင့် ရေဓာတ်ဆုံးရှုံးမှုကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပြုလုပ်စဉ်မှာ ဆုံးရှုံးသွားတဲ့ Electrolytes တွေကိုလည်း ပြန်လည်ဖြည့်ဆည်းပေးပါလိမ့်မယ်။

 

၈။ အရသာရှိရှိနဲ့ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးမယ်

 

ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဖျော်ရည်တွေ၊ အရည်တွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် သဘာဝအလျောက် အရသာပြည့်ဝပြီး ရေဓာတ်ကိုလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လည်ဖြည့်တင်း ချင်တယ်ဆိုရင်တော့ အုန်းရည်က အကောင်းတကာ့အကောင်းဆုံး ရွေးချယ်စရာပါပဲ။ ရေချည်း သီးသန့် သောက်မယ်ဆိုရင် အရသာရှိမှာ မဟုတ်သလို ဖျော်ရည်တွေဟာလည်း အပိုထပ်ဆောင်းပစ္စည်းတွေ ထည့်ပြီးဖန်တီးရတာမို့ သဘာဝအရင်းအမြစ် မဟုတ်ပါဘူး။ အုန်းရည်ကတော့ အနံ့အရသာပါဝင်တဲ့ သဘာဝအရင်းအမြစ် စစ်စစ်ဖြစ်ပါတယ်။

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”