သိန်းညွန့် (PZL)
ကမ္ဘာ့သဘာဝပတ်ဝန်းကျင်သည် “ဂေဟစနစ်” များဖြင့် ကာကွယ်ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။ တောင်တန်းဂေဟစနစ်၊ သစ်တောဂေဟစနစ်၊ ရေဝပ်ဒေသဂေဟစနစ်၊ ဒီရေတော ဂေဟစနစ် စသည်တို့ဖြင့် ကမ္ဘာမြေကို ကာကွယ်ထားပေရာ “ပင်လယ်မြက်ဂေဟစနစ်”သည် လူသိနည်းသော ဂေဟ စနစ်တစ်မျိုးဖြစ်သည်။
ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုး တွေ့ရှိ
ပင်လယ်ပြင်တွင် ပန်းပွင့်သည့် တစ်မျိုးတည်းသော အပင်အမျိုးအစားသည် ပင်လယ်မြက်ပင် ဖြစ်သည်။ ကမ္ဘာတစ်လွှား ပင်လယ်မြက်မျိုးစိတ် စုစုပေါင်း ၆၀ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ပင်လယ်မြက် မျိုးစိတ် ၁၁ မျိုး တွေ့ရှိမှတ်တမ်းပြုထားသည်။
ပင်လယ်မြက်ခင်းဂေဟစနစ်သည် ပင်လယ်သတ္တဝါများ နေထိုင်ကျက်စားရန်အတွက် အစား အစာနှင့်အကာအကွယ်များပေးပြီး ငါးလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် အရေးပါလှသော ဂေဟစနစ်ဖြစ်၍ စနစ်တကျ ထိန်းသိမ်းရန် ကမ္ဘာ့နိုင်ငံများက စီမံချက်များ ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း သိမှတ်ရပေသည်။
မြန်မာနိုင်ငံတွင်လည်း မြန်မာ့အဏ္ဏဝါ သိပ္ပံအသင်းက “ပင်လယ်မြက်ဂေဟစနစ်” ကာကွယ် ထိန်းသိမ်းရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် မကျီးဒေသ၌ ငါးလုပ်ငန်း ဦးစီးဌာန ဒေသခံကျေးရွာပြည်သူများနှင့် လက်တွဲပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကား ကြားသိရပါ၏။
ကာဗွန်ကိုစုပ်ယူ သိုလှောင်
ပင်လယ်မြက်ခင်းများသည် လေထုအတွင်းရှိ ကာဗွန်ကို စုပ်ယူ၍ သိုလှောင်ထားနိုင်ပေရာ အပူ ပိုင်း မုတ်သုံသစ်တော၏ စုပ်ယူမှု နှုန်းထက် ပင် ၃၅ ဆပို၍ စုပ်ယူနိုင်ပြီး ပင်လယ်ရေသတ္တဝါများ အတွက် အောက်ဆီဂျင်ဓာတ်များပါ ထုတ်ပေးနိုင်စွမ်းရှိကြောင်း သိမှတ်ရပါသည်။ ထို့ပြင် ရေထဲရှိ အမှုန်အမွှားများကို စုပ်ယူခြင်းဖြင့် ပင်လယ်ရေကို သန့်စင်စေပြီး ပင်လယ်ကမ်းပါးများ ရေတိုက်စားခြင်းကို အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးခြင်းဖြင့် ကမ်းခြေများကို တည်ငြိမ်စေကြောင်း သိမှတ်ရပါ၏။
အဏ္ဏဝါဗေဒ သုတေသန ပြုချက်များအရ ပင်လယ်မြက် တစ်ဟက် တာ အကျယ်အဝန်း အတွင်း ငါးကောင်ရေ ရှစ်သောင်းခန့်၊ ခရု၊ တီကောင်နှင့် ကဏန်း အစရှိသည့် ကျောရိုးမဲ့ သတ္တဝါ ငယ်သန်း ၁၀၀ ခန့်ပင် နေထိုင်ကျက်စား နိင်ကြောင်း ဖော်ပြထားပါသည်။
ပျက်စီးဆုံးရှုံး
ဤကဲ့သို့ အဏ္ဏဝါဂေဟ စနစ်နှင့် ကာဗွန်ညစ်ညမ်းမှုကို ထိန်းညှိပေးနိုင်ရေးအတွက် အရေးပါ လှသည့် ပင်လယ်မြက် ဂေဟစနစ်သည် သဘာဝဘေးနှင့် လူသားများကြောင့် နှစ်စဉ် ကမ္ဘာပေါ်ရှိ ပင်လယ်မြက်ခင်းဧရိယာ စုစုပေါင်း၏ ခုနစ်ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးနေရကြောင်း ဝမ်းနည်းဖွယ် ကြားသိနေရပါသည်။
အဓိကအချက်အားဖြင့် တရွတ်ဆွဲ ပိုက်များအသုံးပြု၍ ငါးဖမ်းခြင်း ပြဿနာနှင့် ပင်လယ်မြက်ခင်းပြင်ပေါ်၌ လှေများ ကျောက်ချရပ်နားခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ပြင် ဓာတုဆေးဝါး အကြွင်းအကျန်များနှင့် ကမ်းခြေဖွံ့ဖြိုးရေး လုပ်ငန်းမှထွက်ရှိလာသော အညစ်အကြေးများကလည်း ပင်လယ်မြက်ခင်းများကို ပျက်ယွင်းစေလျက်ရှိသည်။ ယခုအခါ တရွတ်ဆွဲပိုက်ဖြင့် ငါးဖမ်းခြင်းအပါအဝင် လှေများကျောက်ချရပ်နားခြင်းများအပေါ် တားမြစ်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိသည်။
အချုပ်ဆိုရပါလျှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသား များဘဝ သာယာစိုပြည်ရေးအတွက် ဂေဟစနစ်များက အထောက် အကူပြုလျက်ရှိပေရာ ရာသီဥတုနှင့်ငါးဖမ်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး ရေးအတွက် “ပင်လယ်မြက်ခင်းဂေဟစနစ်” ရေရှည်တည်တံ့စေရေးအတွက် သက်ဆိုင်သူများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုများက အဓိကကျလျက်ရှိပါကြောင်း မီးမောင်းထိုးပြဆိုလိုက်ရပါ သတည်း။