ထွန်းသစ်စ

အင်္ဂလန်မှာ အစိုးရအစီအစဉ်နဲ့ ဓာတ်ဆီ၊ ဒီဇယ်ကားတွေနဲ့ မျိုးစပ်ကားတွေ ရောင်းချခြင်းကို ၂၀၃၅ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ်အထိ နောက်ဆုံးထား၍ ပိတ်ပင်သွားတော့မယ်လို့ သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။ အင်္ဂလန်နိုင်ငံအနေနဲ့ အခုလိုမျိုး မူဝါဒတစ်ရပ် ဘာကြောင့် ချမှတ်ခဲ့တာလဲ။ အဖြေကတော့ ရှင်းပါတယ်။ အင်္ဂလန်ဟာ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်ရမယ်လို့ ရည်မှန်းချက်ထားထားလို့ပဲ ဖြစ်ပါ တယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အခု အစီအစဉ်ကို လွန်ခဲ့တဲ့နိုဝင်ဘာလက ကုလသမဂ္ဂရာသီဥတုဆိုင်ရာ အစည်းအဝေးမှာကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ ရာသီဥတုနဲ့ဆိုင်တဲ့ အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေလုပ်ကို လုပ်ရမယ့် တာဝန်တစ်ခုပါပဲလို့ ဘောရစ်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ တတ်နိုင်သလောက် ကမ္ဘာ့ရာသီဥတုနဲ့ဆိုင်တဲ့ အရေးတွေကို မဖြစ်မနေ လုပ်ရတော့မှာ ဖြစ်ပါတယ်။

 

အတူတကွကြိုးစားရမယ်
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘာ့ဂ်ျဟာ တက်ကြွ စွာ ဆန္ဒပြခဲ့သလို ရုပ်ကြွင်းလောင်စာသုံးစွဲမှုတွေကို ချက်ချင်းမရပ်တန့်ဘူးဆိုရင် ကမ္ဘာကြီးဟာ ရာသီဥတု ဘေးအန္တရာယ်ကို ခံစားရမယ်လို့ နှစ်စဉ်ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု အကဲဖြတ်မှတ်တမ်းမှာ ကုလသမဂ္ဂက ပြောခဲ့တာလည်း ရှိပါတယ်။


ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အမျိုးမျိုးသောဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို မလျှော့ချဘူးဆိုရင် ကမ္ဘာကြီးဟာ အနှေးနဲ့အမြန် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မယ့်အနေအထားပါ။ ဒါဟာဒီနေ့ ကမ္ဘာကြီးကို အမှီသဟဲပြု နေထိုင်သူတွေ အတွက် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းသလို သတိပြုဖွယ်ရာ အခြေအနေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရ မယ့် အနေအထားဖြစ်ပါတယ်။


ပါရီသဘောတူညီချက်ကနေ အပူချိန်မြင့်တက်နေမှု တွေကို စက်မှုမတိုင်မီအဆင့်ဖြစ်တဲ့ ၂ ဒီဂရီ စင်တီဂရိတ် အဲဒီထက် ပိုပြီးအန္တရာယ်ကင်းတဲ့အဆင့်ဖြစ်တဲ့ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အဆင့်အထိ လျှော့ချဖို့ နိုင်ငံတွေကို ကတိပေးထားပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှုတွေလျှော့ချဖို့လိုအပ်ပြီး ကာဗွန်ကင်းစင်တဲ့ သို့မဟုတ် လျော့နည်းသွားတဲ့ ကမ္ဘာကြီးဆီကို ချီတက်ဖို့ အတူတကွ ကြိုးစားကြရမှာပဲဖြစ်ပါတယ်။


စံချိန်တင်ရောက်ရှိခဲ့
အပူချိန်မြင့်တက်နေမှုတွေကို ၁ ဒသမ ၅ အဆင့် အထိလျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လောင်စာဆီနဲ့ ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်လာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ အခုကိစ္စဟာ ကြုံတောင့်ကြုံခဲကိစ္စတစ်ခုလို့ ရှုမြင်မိပါတယ်။


ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က ကမ္ဘာလုံး ဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို တစ်နှစ်ချင်းစီ အလိုက် ၇ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချရမယ်လို့ ဆိုပါတယ်။ လျှော့ချရုံနဲ့တင်မပြီးဘဲ အဲဒီနှုန်းအတိုင်း ၂၀၃၀ အထိလုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ အဲဒီအဖွဲ့က ပြောပါ တယ်။ အဲဒီလိုလုပ်ခြင်းဟာ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဆဲလ်စီးရပ် ပမာဏမြင့်တက်လာမှုကို ကန့်သတ်နိုင် လိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ပါက ကမ္ဘာကြီးဟာ တစ်နေ့တခြားပိုပူလာမှာပဲ ဖြစ်ပါတယ်။


တကယ့်လက်တွေ့မှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က စပြီး ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေဟာ နှစ်စဉ်နှစ်တိုင်း ၁ ဒသမ ၅ ရာခိုင်နှုန်းထက်ပိုခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ၂၀၁၈ ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့သို့မဟုတ် ၎င်းနဲ့တူတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့  ထုတ်လွှတ်မှုတွေဟာ ၅၅ ဒသမ ၃ ဘီလီယံတန်အထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၉၅နိုင်ငံက ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး သုံးနှစ်အကြာမှာ အဲဒီလို စံချိန်တင်ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။


လုပ်ဆောင်သွားရမယ်
ကမ္ဘာ့နိုင်ငံတွေဟာ ပါရီသဘောတူညီချက်မှာ ပေးခဲ့တဲ့ ကတိတွေအတိုင်း ကောင်းစွာစောင့်ထိန်း အကောင်အထည်ဖော် မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ အပူချိန်အဆင့်အောက်မှာပဲ ဆက်လက်ရှိနေမယ့် သဘောကိုလည်း တွေ့ရပါတယ်။ လက်ရှိ ပါရီသဘောတူညီချက်ကိုသာ အကောင်အထည် မဖော်နိုင်သေးဘူးဆိုရင် ကမ္ဘာကြီးဟာ အပူချိန် ၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်လာမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ သိပ္ပံပညာရှင်တွေ ခန့်မှန်းပုံအရဆိုရင် လူ့အသိုင်းအဝိုင်းကြီးကို ဘေးအန္တရာယ်ဖြစ်စေမယ့် အနေအထား ဖြစ်ပါတယ်။


မိမိတို့အနေနဲ့ ကမ္ဘာ့ရာသီဥတု ဘေးအန္တရာယ်အပေါ်နဲ့ ကမ္ဘာ့ဓာတ်ငွေ့ ထုတ်လွှတ်မှုအပေါ် သတ်မှတ်ထားတဲ့ ပမာဏအထိ သိသိသာသာလျှော့ချမယ့် အရေးယူဆောင်ရွက်မှု တွေချက်ချင်းမလုပ်ဘူးဆိုရင်တော့ မိမိတို့ရည်မှန်းထားတဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အလှမ်းဝေးသွားမှာပဲ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်ဒါဆန်က ပြောပါတယ်။ ဆယ်နှစ်မြောက်သို့ ဝင်ရောက်လာပြီဖြစ်တဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုကွာဟချက် အစီရင်ခံစာမှာတော့ အစိုးရရဲ့ အရေးယူဆောင်ရွက်မှု ပျက်ကွက်ခြင်းတွေကို ဖော်ပြထားပါတယ်။ သိသာတဲ့ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို ၂၀၁၀ ပြည့်နှစ်လောက်မှာ စတင်ခဲ့ကြပါတယ်။


နိုင်ငံများအကြား အကြံပြုဆွေးနွေးမှုတွေမှာလည်း ကွာခြားလျက်ရှိရာ အဓိကလုပ်ဆောင်ရမယ့်ဟာကတော့ ရှင်းပါတယ်။ အဲဒါကတော့ ကျောက်မီးသွေးအသုံးပြုမှု လုံး၀ရုပ်သိမ်းရေး၊ လောင်စာဆီနှင့် ဓာတ်ငွေ့အသုံးပြုမှု လျှော့ချရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကို အံ့ဩဖွယ်ဖြစ်အောင်အမြန်တည်ဆောက်ရေး စတဲ့ကိစ္စတွေကို လုပ်ဆောင်သွားရမှာပဲဖြစ်ပါတယ်။


ဒီထက်ပိုဆိုးလာမယ်
ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို မလုပ်ဘဲ နှောင့်နှေးကြန့်ကြာနေတဲ့ ဆယ်နှစ်ဆိုတဲ့အချိန်ဟာ ယနေ့ ကျွန်တော်တို့ ရာသီဥတုဆိုင်ရာ ဘေးဒုက္ခတွေကို ရင်ဆိုင်နေရတဲ့ အခြေအနေတွေဆီကို တွန်းပို့နေတယ်လို့ အန်ဒါဆန်က ပြောပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို အကြီးစားလုပ်နေတဲ့ စက်ရုံလုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ပါရီရာသီဥတု ဆိုင်ရာ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သင့်တယ်လို့ အဲဒီဓာတ်ငွေ့ထုတ်လွှတ်မှု ကွာဟချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


စက်မှုထိပ်သီးနိုင်ငံ ၂၀ အနေနဲ့ ဓာတ်ငွေ့ထုတ်လွှတ် မှုတွေရဲ့ ၇၈ ရာခိုင်နှုန်းလောက် ထုတ်လုပ်ကြသော်လည်း ဒီအရေးမှာ ဖင့်လေးနေတဲ့သဘောကို တွေ့ရပါတယ်။ စက်မှုထိပ်သီးနိုင်ငံတွေထဲက ၁၅ နိုင်ငံလောက်သာ ပိုလည်းမပို၊ လိုလည်းမလိုဘဲ ပကတိအခြေအနေအတိုင်း ရောက်အောင် ကြိုးစားနေကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ သူတို့ ရဲ့ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့လိုလာပြီ ဖြစ်ပါတယ်။ နှစ်တိုးပြောင်းလဲမှုလေး လုပ်ဆောင်နေရုံနဲ့ အလုပ်ဖြစ် မှာမဟုတ်ဘဲ ၁၀ နှစ်အတွင်းမှာ လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ခုလုံး ပြောင်းလဲလုပ်ဆောင်ဖို့လိုလာပြီ ဖြစ်တယ်လို့ ရာသီဥတုဆိုင်ရာ ဦးဆောင်စာရေးဆရာ တစ်ဦးဖြစ်တဲ့ ဂျွန်ခရစ်စတင်ဆန်က ပြောပါတယ်။


၂၀၂၀ ပြည့်နှစ်ဟာ ရာသီဥတုဆိုင်ရာ တိုက်ပွဲဖြစ်ပွားမယ့် သမိုင်းဆိုင်ရာပြောင်းလဲမှု နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ ရာသီဥတုဆိုင်ရာ ဥရောပကွန်ရက် ညွှန်ကြားရေးမှူး ဝမ်ဒယ်ထရိုင်ယိုက ပြောပါတယ်။


လူသန်းပေါင်းများစွာတို့ ရာသီဥတုဆိုင်ရာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်မှသာလျှင် နိုင်ငံရေးသမားတွေအနေနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်အတိုင်း လိုက်ပါလုပ်ဆောင်စေလာမယ်ဖြစ်တယ်လို့ ထရိုင်ယိုက ဆက်လက်ပြောပါတယ်။


ဒီအဆိုကို ဂရီတာသွန်းဘာ့ဂ်ျက သက်သေပြသနေသလိုပါပဲ။ အခုဆိုရင် ရာသီဥတုနဲ့ဆိုင်တဲ့ ဆန္ဒပြမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။ ဒီအရေးကို မြန်မြန်အဖြေမရှာဘူးဆိုရင် နောင်လာမယ့်နှစ်တွေမှာ ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ်။
ကိုးကား - အေအက်ဖ်ပီ