ရာသီဥတုကြောင့် မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုကျဆင်း

mdn

မောင်တော ၁၄ ဇူလိုင် 

မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ရာသီဥတုအနေအထားနှင့် ဒေသတွင်း ပုစွန်ထွက်ရှိမှုနှုန်း နည်းပါးနေခြင်းတို့ကြောင့် လက်ရှိအချိန်တွင် ကုန်သွယ်မှုပမာဏ ကျဆင်းနေကြောင်း မောင်တော နယ်စပ်ကုန်သည်ကြီးများအသင်းမှ သိရသည်။

 ''အခုလက်ရှိ မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုမှာ သွင်းကုန်ရော၊ ပို့ကုန်ရော ကုန်သွယ်မှုပမာဏ ကျဆင်းနေပါတယ်။ ရာသီဥတုအနေအထားကြောင့်လို့ ပြောလို့ရပါတယ်။ မိုးရာသီဖြစ်တာနဲ့အညီ ပင်လယ်ပြင်မှာ မုတ်သုံလေအားကောင်းတဲ့အတွက်ကြောင့် စက်လှေတွေ မထွက်ရဲကြဘူး။ အခုနှစ်မှာ ပုံမှန်တင်ပို့နေတဲ့ ပုစွန်တွေကလည်း လှိုင်လှိုင်မပေါ်တော့ဘူး။ ပုစွန်မွေးမြူတဲ့သူတွေ မရှိတော့တဲ့အတွက်ရယ်၊ ကုန်စည်စီးဆင်းလာတဲ့လမ်းကြောင်း အဆင်မပြေတာရယ်ကြောင့် ပိုု့ကုန်ကျဆင်းနေခြင်းဖြစ်ပါတယ်''ဟု မောင်တော နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရေထွက် ကုန်ပစ္စည်းများအပြင် ဆန်၊ ဝါး၊ ဟင်းခတ်အမွှေးကြိုင်၊ မီးဖိုချောင်သုံး ပစ္စည်းများ တင်ပို့ပြီး သွင်းကုန်အနေဖြင့် ဘင်္ဂလားဒေရှ့်မှ မောင်တောသို့ ဒန်အိုးဒန်ခွက်နှင့် အဝတ်အထည်များ အဓိက တင်ပို့လျက်ရှိသည်။

''ကျွန်တော်တို့ဆီမှာက ဆိပ်ကမ်းကြီးကြီးမားမား မရှိတာရယ်၊ ကုန်ပစ္စည်းတွေကို ဂိုဒေါင်တွေတည်ဆောက်ပြီး မသိုလှောင်နိုင်တာကြောင့် ရာသီအလိုက် မှာတဲ့ ကုန်ပစ္စည်းတွေ တင်ပို့ပြီးရင် အလုပ်ကရပ်သွားပြီ၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က မမှာတော့ဘူးဆိုရင် ကုန်သည်တွေက ပြည်တွင်းဘက်က ကုန်ပစ္စည်းတွေ ထပ်မတင်တော့ဘူး၊ ဟိုဘက်က ဝယ်လိုအားရှိမှ မှာတဲ့စနစ် ဖြစ်နေတယ်၊ ကုန်သည်တွေအနေနဲ့လည်း ရနိုင်တဲ့ ဈေးကွက်ကို ထိန်းထားနိုင်ဖို့ မကြိုးစားကြဘူး၊ ဂိုဒေါင် ကြီးကြီးမားမား တည်ဆောက်ပြီး မသိုလှောင်နိုင်ကြဘူး၊ အဲ့ဒါကြောင့် ကညင်ချောင်းစီးပွားရေးဇုန် အောင်မြင်ဖို့လိုနေပါတယ်''ဟု ပြောသည်။

၂ဝ၁၇-၂ဝ၁၈ ခုနှစ်ဘဏ္ဍာနှစ်တွင် မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန် အမေရိကန် ဒေါ်လာ ငါးသန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ တစ်သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ခြောက်သန်း သတ်မှတ်လျာထားရာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၂၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း နှစ်နိုင်ငံ ကုန်သွယ်မှုအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ဝ ဒသမ ၃ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅ သန်း သတ် မှတ်လျာထားရာ ဧပြီလမှ ဇူလိုင်လ ပထမပတ်အထိ ကုန်သွယ်မှုပမာဏ ပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၄၆ သန်း ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိ်ုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရားဝင်ကုန်သွယ် မှုပြုလုပ်ရာတွင် စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့မှ ကုန်သွယ်မှုပြုလုပ်နေကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)၊ ကိုမင်း

ဓာတ်ပုံ-မင်းမင်း