ရာသီဥတုကောင်းမွန်ရေး အားလုံးအလေးထားဆောင်ရွက်

 

နုခန့်ယဉ်(ရစ်ကန်ကြီး)

 

ဤကမ္ဘာမြေပေါ်တွင် လူသားအဖြစ် ရပ်တည်ကတည်းက နေ၊ လေ၊ မြေ၊ ရေ၊ သဘာဝပေါက်ပင်ဟူသော  သဘာဝ၏ အခမဲ့လက်ဆောင်များဖြင့် ထိတွေ့ကြရသည်။   လူသားနှင့် သဘာဝသည် ဆက်နွှယ်မှု  ကြီးမားသည့်အလျောက် လူသားတို့သည် မိမိတို့၏သဘာဝပတ်ဝန်းကျင် အနေအထား ပြောင်းလဲမှုများကို သိရှိရန် လေ့လာထားကြရမည်။ သဘာဝတရားနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြရမည်။ လူသားတို့၏ အသက်ရှင်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်တည်ဆောက် နေထိုင်ခြင်းတို့သည် သဘာဝတရား၏ ပြောင်းလဲမှုအခြေအနေအရ  ပြုပြင်နေထိုင်ကြရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူသားတို့သက်တမ်းရှည်ကြာစွာဖြင့် ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် သဘာဝတရား၏ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော မိုးလေဝသနှင့် ရာသီဥတုကို သိရှိနားလည်ပြီး ထိန်းသိမ်း ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။

 

မိုးလေဝသ

 

မိုးလေဝသသည်  လူသားတို့ဘဝအတွက် အရေးကြီးသော အရာဖြစ်သည်။ လူသားတို့ နေထိုင်လှုပ်ရှားမှုအတွက် မိုးလေဝသကို ခန့်မှန်းပြီး ပြုမူကြရသည်။ သာမန်အသက်မွေးဝမ်းကျောင်းအတွက် မှန်ကန်သော မိုးလေဝသ ရရှိရန်လိုအပ်ပါသည်။ ရောဂါပိုးမွှားများ သေကျေရန်အတွက် နေရောင်ခြည်ကို လိုအပ်သည်။ လူသားတို့နေ့စဉ် အသက်ရှင်နေထိုင်ရေးအတွက် ရေလိုအပ်ပါသည်။ ထို့ကြောင့် အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သလို ရှာဖွေစုဆောင်းနိုင်ရန် အခြေခံအချက် ဖြစ်သည့် မိုးလေဝသအကြောင်းကိုလည်း လေ့လာသိရှိပြီး ပြင်ဆင်ရန် လိုအပ်ပါသည်။

မိုးလေဝသသည် လေထုပူသည် သို့မဟုတ် အေးသည်၊ စိုစွတ်သည် သို့မဟုတ် ခြောက်သွေ့သည်၊ တည်ငြိမ်သည် သို့မဟုတ် တိမ်ထူသည် အစရှိသည်တို့ကို ဖော်ပြသော အခြေအနေတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်တွင် မိုးလေဝသဖြစ်စဉ်အများစုသည် ကမ္ဘာ့လေထု၏  အနိမ့်ဆုံးအလွှာဖြစ်သော စထရာတိုစဖီးယား အလွှာအောက်ရှိ ထရိုပေါ့ စဖီးယားအလွှာတွင် ဖြစ်ပွားလေ့ရှိသည်။ မိုးလေဝသ သည် တစ်နေ့ပြီးတစ်နေ့ အပူချိန်ပြောင်းလဲမှုနှင့် အခြားလေထုအခြေအနေများကို ဖော်ပြသည်။ မိုးလေဝသသည် တစ်နေရာမှတစ်နေရာအကြား အပူချိန်၊ စိုထိုင်းဆနှင့် လေထုဖိအားတို့ကြောင့် ဖြစ်ပွားသည်။

 

ရာသီဥတုပြောင်းလဲမှု

 

ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ လူသားတို့၏ လုပ်ဆောင်မှုကြောင့် ရာသီဥတုပြောင်းလဲ ခြင်းဖြစ်ရသည်ဟု တစ်ခါတစ်ရံ ရည်ညွှန်းလေ့ရှိသည်။ ဥပမာ၊ ရာသီဥတုပြောင်းလဲခြင်းကို “နှိုင်းယှဉ်နိုင်သော အချိန်ကာလအတွင်း သဘာဝအရ ရာသီဥတုပြောင်းလဲခြင်းများအပြင်၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး လူသား လုပ်ဆောင်မှုကြောင့် ကမ္ဘာ့လေထုတွင်ပါဝင်မှု ပြောင်းလဲခြင်းယူဆချက် ဟု ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ၏ သဘောတူညီမှု ကန့်သတ်ချက်မှ သတ်မှတ်ပါသည်။ ယခုအချိန်ကာလအရ ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် အနက်အဓိပ္ပာယ် တူသည်။ “ကမ္ဘာကြီးပူနွေးလာခြင်း” သို့မဟုတ် “လူသားများလုပ်ဆောင်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာခြင်း” (AGW)ဟု ယေဘုယျအားဖြင့် လူသိများသည်။

ဝင်ရိုးစွန်းနှင့် အပူပိုင်းဒေသရှိ အပူချိန်ခြားနားချက်များသည် ကြီးမားသောလေထုလည်ပတ်မှု (atmospheric circulation)ကို ဖြစ်ပွားစေသည်။ ကမ္ဘာမြေသည် တိမ်းစောင်းနေသောကြောင့် နေရောင်ခြည်ကျရောက်မှုသည် မတူညီသော ဒေသများတွင် ကွဲပြားစွာကျရောက်လျက်ရှိရာ အပူချိန် သက်ရောက်မှုမှာလည်း ကွဲပြားကြသည်။ ကမ္ဘာ့မျက်နှာပြင်တွင် တစ်နှစ်တာအတွင်း အပူချိန် ပြောင်းလဲမှုမှာ ပျမ်းမျှအားဖြင့် ±၄၀°C (−၄၀°F မှ ၁၀၄ °F) ရှိသည်။ နှစ်ထောင်ပေါင်းများစွာကြာသော် ကမ္ဘာပတ်လမ်းကြောင်း၏ ပြောင်းလဲမှုသည် ကမ္ဘာ မြေရှိ နေရောင်ခြည်စွမ်းအင်ဖြန့်ဖြူးမှုကို သက်ရောက်နိုင်ပြီး ရေရှည်ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တို့ကိုဖြစ်ပေါ်စေသည်။

ရာသီဥတုပုံစံပြောင်းစေသော အချက်များမှာ ရာသီဥတုတွန်းအားများဖြစ်သည်။ ၎င်းအချက်များတွင် နေရောင်ခြည်ဖြာမှုပြောင်းလဲခြင်း၊ ကမ္ဘာ့ဂြိုဟ် ပတ်လမ်းပြောင်းလဲခြင်း၊ တောင်များတည်ဆောက်ခြင်းနှင့် ကမ္ဘာ့ကုန်းမြေထုတဖြည်းဖြည်းရွေ့လျားခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ ပြင်းအားပြောင်းလဲခြင်း စသည့်ဖြစ်စဉ်များ ပါဝင်သည်။ ရာသီဥတုဆိုသည်မှာ နှစ်ပေါင်းများစွာ ဖြစ်နေကျသဘာဝတရား တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း သာမန်ရာသီဥတု မှ ဆိုးရွားသောပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်။

လူနေအိမ်များ၊ စက်ရုံများအတွက်အပူပေးရန် စွမ်းအင်အဖြစ် လောင်စာဆီအသုံးပြုမှု၊ ဓာတ်ငွေ့အသုံးပြုမှု၊ ကျောက်မီးသွေးလောင်စာများ သုံးစွဲမှုတို့ကြောင့် လျင်မြန်သည့် ရာသီဥတုဖောက်ပြန်မှုများ ကြုံတွေ့လာရခြင်း ဖြစ်သည်။ စက်သုံးဆီများလောင်ကျွမ်းသည့်အခါ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ထုတ်လွှတ်သည်။ ထိုဓာတ်ငွေ့သည် နေ၏အပူချိန်ကို သိုလှောင်နိုင်သောကြောင့် ကမ္ဘာကြီးသည် ပိုမို ပူနွေးလာရခြင်းဖြစ်သည်။ ကမ္ဘာကြီးသည် ၁၉ ရာစုနှစ်ကထက် ၁ ဒသမ ၁ ဒီဂရီ ပိုမိုပူနွေးလာပြီး လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များ ၅၀ ရာခိုင်နှုန်း မြင့်တက်နေသည်။

 

ရာသီဥတုဖောက်ပြန်မှုဆိုးကျိုး

 

ပြင်းထန်သည့် ရာသီဥတု ဖောက်ပြန်မှုများ ထပ်မံမကြုံနိုင်စေရန်အတွက် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန်လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြကြသည်။ ကမ္ဘာကြီးပူနွေးမှုကို သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်အထိ ၁ ဒသမ ၅ ဒီဂရီ အထိ ထိန်းထားနိုင်ရန် လိုအပ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

သို့သော်လည်း ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် မလုပ်ဆောင်ပါက ၂၁၀၀ ပြည့်နှစ်တွင် ၂ ဒီဂရီ အထိ အပူချိန်မြင့်တက်နိုင်ပြီး လာမည့်ရာစုနှစ်ကုန်တွင် ကမ္ဘာကြီးသည် ၂ ဒသမ ၄ ဒီဂရီအထိ အပူချိန် မြင့်တက်မှုကို ကြုံတွေ့နိုင်သည်ဟု လွတ်လပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စုံတစ်ရာမှ မလုပ်ဆောင်နိုင်ခဲ့လျှင် ကမ္ဘာကြီးပူနွေးမှုသည် အနာဂတ်တွင် ၄ ဒီဂရီအထိ မြင့်တက်ပြီး အပူလှိုင်း ဖြတ်သန်းမှုများ၊ ပင်လယ်ရေမြင့်တက်မှုများကြောင့် လူနေထိုင်ရာ နေရာဒေသများ ဆုံးရှုံးနိုင်သကဲ့သို့ အပင်နှင့် တိရစ္ဆာန်များ မျိုးတုံးပျောက်ကွယ်ခြင်း မျိုးလည်း ကြုံရနိုင်ပေသည်။

ပြင်းထန်သည့် ရာသီဥတုဆိုးရွားမှုများကို ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့ခဲ့ရပြီး လူအပါအဝင် သတ္တဝါတို့၏ အသက်ရှင် နေထိုင်မှုကို ခြိမ်းခြောက်နေပေသည်။ ပူနွေးမှုများ ပိုမိုမြင့်တက်လာခဲ့လျှင် ကမ္ဘာ့နေရာ တစ်စိတ်တစ်ပိုင်းသည် စိုက်ပျိုးမြေအဖြစ်မှ နေထိုင်၍မရသောအခြေအနေ ကန္တာရကြီးအဖြစ် ပြောင်းသွားနိုင်ပေသည်။ အရှေ့အာဖရိက၌ ဥတု ငါးခုမြောက် မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရ ပြီး လူပေါင်း ၂၂ သန်းသည် အစာရေစာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နိုင်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က  သတိ ပေးထားသည်။ ပြင်းထန်သည့် အပူချိန်မြင့်တက်မှုသည် တောမီး လောင်ကျွမ်းမှုအန္တရာယ်ကို လက်ယပ်ခေါ်နေ သကဲ့သို့ ဖြစ်နေသည်။ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ တွင် ခုနစ်ကြိမ်တိုင်တိုင် စံချိန်တင် တောမီး လောင်ကျွမ်းမှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ကြားကာလ၌ ကြုံတွေ့ခဲ့ရသည်။

အပူချိန်မြင့်တက်မှုကြောင့် ယခင်က အေးခဲနေသည့် ဆိုက်ဘေးရီးယားဒေသတွင် ရေခဲပျော်ကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ရာစုနှစ်နှင့်ချီပြီး သိုလှောင်ထားသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲသို့ ထုတ်လွှတ်နိုင်သောကြောင့် ရာသီဥတုဖောက်ပြန်မှု ကို ပိုမိုဆိုးရွားစေပါသည်။ တချို့ဒေသများတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ထိုသို့ရေကြီးမှုများကို တရုတ်၊ ပါကစ္စတန်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူအများစုသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အရင်းအမြစ်နည်းပါးသော အခြေအနေကြောင့် ရာသီဥတုဖောက်ပြန်မှုကို ဆိုးရွားစွာကြုံရနိုင်သည်။ ရေသတ္တဝါမျိုးစိတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပျောက်ကွယ်သွား နိုင်ကြောင်း အမေရိကန် သမုဒ္ဒရာပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ လေ့လာမှုတွင် ဖော်ပြထား သည်။ အပူပိုင်းဒေသများရှိ ကုန်းတွင်းသတ္တဝါမျိုးစုံသည်လည်း အစားအစာနှင့် ရေရရှိမှုနည်းပါးလာကြောင်း လေ့လာတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ရေခဲပြင် အရည်ပျော်ကျမှု ပိုမိုများပြားလာလျှင် ပိုလာဝက်ဝံများ ပျောက်ကွယ်သွားနိုင်သည်။ ထို့ပြင် တောဆင်ရိုင်းများသည်လည်း လိုအပ်သည့် ရေလီတာ ၁၅၀ မှ ၃၀၀ ရရှိရန် ခက်ခက်ခဲခဲ ရှာဖွေ ရတော့မည် ဖြစ်သည်။ ယခုရာစုနှစ်အတွင်း၌ သတ္တဝါမျိုးစိတ် ၅၅၀ ခန့် ပျောက်ကွယ်သွားနိုင် သည်ဟု သိပ္ပံပညာရှင်များက ယုံကြည်နေကြသည်။ အပူချိန် ပိုမိုမြင့်တက်လာခဲ့လျှင် အပူပိုင်း ပင်လယ်ပြင်မှ သန္တာကျောက်တန်းများကို ပျက်စီး စေနိုင်ပါသည်။

ရာသီဥတုဖောက်ပြန်မှုသည် သမုဒ္ဒရာထဲမှ ရေနေသတ္တဝါများကိုလည်း  ခြိမ်းခြောက်နေပေ သည်။ အကယ်၍ ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီတွင် မထိန်းထားနိုင်ဘဲ ပိုမိုမြင့်တက်လာလျှင် ကြုံတွေ့ရနိုင်သည့် သတိပေးချက်များကို ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IPCC က ထုတ်ပြန်ထားပြီး ဖြစ်သည်။

 

ရာသီဥတုကောင်းမွန်ရေး

 

ရာသီဥတုပြောင်းလဲမှုအတွက် အတူတကွ ပူးတွဲလုပ်ဆောင်ရမည်ကို နိုင်ငံအသီးသီးက သဘောတူ ထားကြသည်။ ၂၀၁၅ ခုနှစ်တွင် ပါရီ၌ ကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုညီလာခံတွင် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ၌ပင်ရှိရန် ဆောင်ရွက် ကြမည်ဖြစ်ကြောင်း ကတိပြုထားကြသည်။ အီဂျစ်နိုင်ငံတွင် COP27 ဆိုသည့် ရာသီဥတုညီလာခံ ကို နိုဝင်ဘာလတွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်နှင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချရန်အတွက် အစီအစဉ်များကို ညှိနှိုင်းကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရန်လည်း နိုင်ငံ အများအပြားက ကတိပြုထားကြသည်။ ထိုအစီအစဉ်များကို  အစိုးရအသီးသီးက လုပ်ဆောင်နိုင်သည့် အစီအစဉ်များအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက သဘောတူ ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် အစိုးရ၊ လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများက သိသာထင်ရှားသည့်ပြောင်းလဲမှုကို လက်တွဲညီညီ လုပ်ဆောင်ကြရမည်ဖြစ်သည်။

လူသားတို့၏ နေ့စဉ်ဘဝနေထိုင်မှုထဲတွင် သေးငယ်သည့် ပြောင်းလဲမှုလေးများကလည်း ရာသီဥတု ပြောင်းလဲမှုအပေါ်တွင် အရေးပါသည်ဟု သိပ္ပံပညာရှင်များက ပြောကြားကြသည်။ ထိုသို့ ပြောင်းလဲရာတွင် လေယာဉ်ခရီးစဉ်လျှော့ချခြင်း၊ ကားအသုံးပြုမှုလျှော့ချခြင်းနှင့် လျှပ်စစ်ကားအသုံး ပြုခြင်း၊ အသားနှင့် နို့ထွက်ပစ္စည်း စားသုံးမှုလျှော့ချခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချခြင်း၊ လျှပ်စစ် ပစ္စည်းဝယ်ယူသည့်အခါ စွမ်းအင်သုံးစွဲမှုသက်သာသည့် ထုတ်ကုန်များကို ဝယ်ယူအသုံးပြုခြင်း၊ အိမ်တွင်းအပူပေးစနစ် အကာအရံများကို ကောင်းမွန် အောင်ပြုလုပ်ခြင်း၊ ဓာတ်ငွေ့အပူပေးစနစ်မှ လျှပ်စစ် အပူပေးစနစ်သို့ ပြောင်းလဲအသုံးပြုခြင်းတို့ကို ဦးစားပေးပြောင်းလဲမှုပြုလုပ်ကြရမည်။

ရာသီဥတုအခြေအနေများကို ထိန်းချုပ်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို လူတစ်ဦး တစ်ယောက်မှအစပြု၍ လူသားတိုင်းနီးပါး တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရမည်။ မိမိခြံဝင်းထဲ၌ပင် ခေတ်မီစွာကွန်ကရစ်ကို အပြည့်ခင်းမည့်အစား မိမိခြံဝင်းစိုပြည်လှပ၍ အပူဒဏ်ကို ကာကွယ်နိုင်ရန်အတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရပေမည်။ ကမ္ဘာကြီး ပူနွေးလာသည့် ပြဿနာကို လူသားအားလုံး နားလည်သဘောပေါက်ပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်၍ ရာသီဥတုကောင်းမွန်ရေး  အလေးထားဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက် ရပါသည်။

ကိုးကား

- မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၉)

- ၂၀၁၈ ခုနှစ် မတ်လ ၂၁ရက်နေ့ထုတ် ကြေးမုံသတင်းစာဆောင်းပါး