မန္တလေး ၁၆ ဖေဖော်ဝါရီ

 

ရာသီဥတုကောင်းပြီး အထွက်နှုန်းတိုးကာ ဈေးကောင်းသဖြင့် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြောက်ရွာဘိုကျေးရွာနှင့် မြောက်ရွာဘိုကျေးရွာရှိ ဆေးရွက်ကြီးစိုက် တောင်သူများ အဆင်ပြေကြောင်း သိရသည်။

 

“ဒီနှစ် ရာသီဥတုက ကောင်းတော့ အထွက်နှုန်းတွေရော ဈေးနှုန်းရောက မနှစ်ထက် ပိုကောင်းတော့ အဆင်ပြေတယ်။ ရွာမှာ ဆေးရွက်ကြီးစိုက်တဲ့သူတွေလည်း ပိုများလာတယ်” ဟု မြောက်ရွာဘိုကျေးရွာရှိ ဆေးရွက်ကြီးစိုက်ပျိုးသူ ကိုလွင်မှ ပြောသည်။

 

ဆေးရွက်ကြီးပင်များ ရင့်ပြီဆိုလျှင် အခြောက်ခံပြီး နေကျက်စေရန် နေလှန်းရကြောင်း၊ နေလှန်းပြီးလျှင် ရေလေးနည်းနည်းပတ်ကာ ရေဖြင့်နှပ်ပြီးမှ အိမ်ထဲသွင်းရကြောင်းနှင့် မြောက်ရွာဘို ကျေးရွာတွင် ဆေးရွက်ကြီးစိုက်ပျိုးသူ ၅၀ ကျော်ရှိကြောင်း ဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများမှ ပြောသည်။

 

ဆေးရွက်ကြီးများကို မြင်းခြံ၊ မုံရွာ၊ မန္တလေးနှင့် အခြားဒေသများသို့ တင်ပို့ရောင်းချရကြောင်းနှင့် ယခင်နှစ် ဆေးရွက်ကြီး တစ်ပိသာလျှင် ကျပ် ၁၈၀၀ ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ်တွင် ဆေးရွက်ကြီးတစ်ပိသာလျှင် ကျပ် ၂၀၀၀ ကျော်အထိ ဈေးကောင်းရရှိသဖြင့် ဆေးရွက်ကြီးစိုက်တောင်သူ အရေအတွက်တိုးကာ အဆင်ပြေကြကြောင်း သိရသည်။

 

တင်ဇာလှိုင်