မုံရွာ ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စပါးအစွမ်းဖွင့်စိုက်ပျိုးရေး(SIR)စနစ်နှင့်ရေရှည်တည်တံ့သော စိုက်နည်းစနစ်များဆိုင်ရာ ဟောပြောပွဲကို နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၉)နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
“စပါးအစွမ်းဖွင့်စိုက်ပျိုးရေး(SIR)စနစ်က ဒီကနေ့ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသလို မြန်မာမှာလည်း စတင်အသုံးပြုနေပြီ၊ သူရဲ့ ထူးခြားချက်က စပါးခင်းတွေမှာ ရေအမြဲဖြည့်ထားစရာမလိုဘူး အစိုဓာတ် ရှိနေရင်တော်ပြီ ရေလိုအပ်ချက်အင်မတန်နည်းတဲ့စိုက်နည်းစနစ်ဖြစ်တယ်၊ အဲဒိနည်းစနစ်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တောင်သူတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုစေနိုင်ဖို့ အခုလိုနည်းပညာဟောပြောပွဲတွေလုပ်တာ ဖြစ်တယ်၊ ဒီစိုက်ပျိုးနည်းစနစ်က ပုံမှန်စပါးစိုက်နည်း စနစ်ထက်ရေလိုအပ်ချက်ကို (၅၀)ရာခိုင်နှုန်းလျော့ချပေးတယ်၊ မျိုးစပါးကုန်ကျမှုလည်း အများကြီး သက်သာတယ်၊ အခုနောက်ပိုင်းမှာရာသီဥတုပြောင်းလဲလာတဲ့ အခြေအနေအရ မိုးရွာသွန်းမှုနည်းလာတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ စိုက်နည်းတစ်ခု ဖြစ်တဲ့အတွက် အသုံးပြုသင့်ပါတယ်” ဟု စိုက်ပျိုးရေးပညာရှင် ဦးသိန်းဆုက ပြောသည်။
အဆိုပါ ဟောပြောပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာခရိုင်အတွင်းမှ စပါးစိုက်ပျိုးရေး တောင်သူ ၈၀ ကျော် တက်ရောက်ခဲ့ကြောင်းနှင့် ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် စပါးအစွမ်းဖွင့်စိုက်ပျိုးရေး (SIR)စနစ်ဖြင့် မိုးစပါး ၉ ဧကကို စံပြကွက်အဖြစ် တောင်သူဦးမျိုးဝင်း၏ လယ်မြေတွင် စမ်းသပ်စိုက်ပျိုးထားရာ အောင်မြင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


