နေပြည်တော် ၁၀ ဇန်နဝါရီ
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာရပ်များ ပြန့်ပွားရန်၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိမှုဆိုင်ရာ အသိပညာများကို ပြည်သူများအား ဖြန့်ဝေပေးနိုင်ရန်၊ နိုင်ငံတကာအဆင့်မီ သုတေသနများကို တိုးချဲ့လုပ်ဆောင်နိုင်ရန် လိုအပ်လျက်ရှိသည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ (၈) ရက်တွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်ရုံး အစည်းအဝေး ခန်းမ(၅)၌ ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲ ဖြတ်ရေးကော်မတီများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ တက္ကသိုလ်များမှပညာရှင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အခြေခံအဆင့်နှင့် တက္ကသိုလ်အဆင့် သင်ရိုးညွှန်းတမ်းများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ ရာသီဥတုပြောင်းလဲခြင်း ဒဏ်ခံနိုင်ရည်ရှိမှုစသည့် အတွေးအခေါ်များ ထည့်သွင်းသင်ကြားနိုင်ရေး၊ တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများတွင် ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ဘာသာရပ်ကို အားဖြည့်သင်ကြားရေး၊ တက္ကသိုလ် ၁၀ ခု၌ မိုးလေဝသဌာနဖွဲ့စည်းပုံရှိပြီးဖြစ်၍ ဘာသာရပ်အသစ် ဖွင့်လှစ်သင်ကြား နိုင်ရေး၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများအတွက် လက်တွေ့ကျင့်သုံး နိုင်မည့် နည်းလမ်းကောင်းများရရှိရန် သုတေသနပြုဆောင်ရွက်နိုင်ရေး၊ အဆင့်မြင့်ပညာ ကဏ္ဍတွင် တက္ကသိုလ်တည်ရှိရာနေရာဒေသအလိုက် ရာသီဥတုပြောင်းလဲခြင်းဒဏ်ခံနိုင်ရည်ရှိမှု အတွေ့အကြုံများနှင့်အတွေးအခေါ်များဖြန့်ဝေနိုင်မည့် အစီအစဉ်သစ်များ ချမှတ်အကောင် အထည် ဖော်ပေးရေးစသည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)