ကုလသမဂ္ဂ ၁၃ မေ
သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး ပြင်သစ်သဘောတူညီမှု စတင်အသက်ဝင်လာခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်သည် ကုလသမဂ္ဂအဖွဲ့၏ အဓိက ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာတစ်ရပ် ဖြစ်လာသည်ဟုကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။
လာမည့်ရက်သတ္တပတ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ပင်လယ်ရေ မြင့်တက်လာမှုကြောင့် ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသော နိုင်ငံများဖြစ်သည့် နယူးဇီလန်နိုင်ငံအပါအဝင် အခြားပစိဖိတ်ကျွန်းနိုင်ငံများသို့ မကြာမီ သွားရောက်မည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို အချိန်မီပြုပြင်နိုင်ခြင်းမရှိပါက ကမ္ဘာတစ်ဝန်းလုံးအတွက် ဘေးအန္တရာယ်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဂူတာရက်စ်က မီဒီယာသို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် မုန်တိုင်းတိုက်ခတ်မှုများ၊ ရေကြီးမှုများနှင့် အခြားသော ရာသီဥတုဘေးအန္တရာယ်ဆိုးများကု ခံစားခဲ့ရသည့် ဖီဂျီကျွန်းစု၊ တုဗာလုနှင့် ဗန်နော့တူနိုင်ငံများသို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်များကြောင့် အသက်ဆုံးရှုံးခဲ့သူများ၏ မိသားစုဝင်များအား တွေ့ဆုံကာ အားပေးစကားပြောကြားမည် ဖြစ်ကြောင်း သိရသည်။
ပစိဖိတ်ကျွန်းနိုင်ငံများသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် သဘာဝအန္တရာယ်များနှင့် အများဆုံးရင်ဆိုင်နေရသည်။ ထို့ပြင် အချို့ကုန်းနိမ့်ဒေသများသည် ပင်လယ်ရေအောက်သို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားနိုင်သည်။
ဖီဂျီကျွန်းစုနိုင်ငံသည် သဘာဝဘေးအန္တရာယ်တားဆီးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသည့် အာရှ၊ အာဖရိကနှင့် ကာရေဘီယံကျွန်းများမှ နိုင်ငံပေါင်း ၉၀ ကျော်နှင့်ညွန့်ပေါင်းတစ်ရပ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပစိဖိတ်ကျွန်းနိုင်ငံများသို့ သွားရောက်မည့်ခရီးစဉ်သည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း ကုလသမဂ္ဂအဖွဲ့ဆိုင်ရာ ဖီဂျီသံအမတ်ကြီး ဆက်ယန်ဒရာ ပရာဆတ်က ဆိုသည်။
စက်တင်ဘာ ၂၃ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ၌ အနာဂတ်တွင် ဆောင်ရွက်မည့် ရာသီဥတုဆိုင်ရာ ရေရှည်စီမံကိန်းများနှင့်ပတ်သက်ပြီး တက်ရောက်လာကြသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဂူတာရက်စ်က ဆိုသည်။
အေအက်ဖ်ပီ