မကွေး  ၁၇  ဇူလိုင်

မိုးရွာသွန်းမှုဆိုင်ရာ ရာသီဥတုအခြေအနေပြောင်းလဲလာခြင်းကြောင့် တောင်သူများအနေဖြင့် သီးနှံပုံစံရွေးချယ်ကာ ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေသိုလှောင်စနစ်ထားရှိခြင်းများ နှစ်စဉ်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆယ်စုနှစ်(၂)ခုခန့်အတွင်း မိုးရေချိန်ဆိုင်ရာ မှတ်တမ်းမှတ်ရာများကို စာရင်းပြုစု ထားရှိခဲ့ပြီး ပြန်လည်စိစစ်ရာ  လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ ရာသီဥတုပြောင်းလဲလာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

 

 “လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး မိုးရွာသွန်းမှုရက်တွေ လျော့လာတယ်။ ရွာရင်လည်း ပြန့်ကျဲပြီးရွာတဲ့အစား ပြတ်ရင် လုံးလုံးပြတ်တယ်။ ရွာရင်လည်း နှစ်ရက်သုံးရက်အတွင်း မိုးရေချိန် လက်မအများကြီး ရွာချလိုက်တယ်။ ဆိုတော့ မိုးရွာ သွန်းမှု အနေအထားပေါ်တည်ပြီး ဒေသနဲ့သင့်လျော်တဲ့ သီးနှံသက်တမ်း(အတို၊အလတ်၊အရင့်)ပုံစံတွေကို ရွေးချယ်ပြီး ပြောင်းလဲ စိုက်ဖို့ လိုပါတယ် ” ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြောသည်။

 

မကွေးတိုင်း၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး(၆၃၄၄၇၅)ဧက၊ အစေ့ထုတ်ပြောင်း(၂၀၉၆၂)ဧက၊ မြေပဲ(၄၈၉၃၉၀) ဧက၊ နှမ်း(၁၁၁၃၁၃၀)ဧက၊ နေကြာ(၁၃၀၇၀)ဧက၊ ပဲတီစိမ်း(၄၇၅၄၈၈)ဧက၊ ပဲစဉ်းငုံ(၁၈၄၄၄၉)ဧက၊ ဝါ(၁၉၂၂၆၁)ဧက၊ ကြံ (၁၅၀၀၈)ဧက တို့ကို လျာထားစိုက်ပျိုးလျက် ရှိသည်။

 

 “သီးနှံပုံစံ Changes လုပ်ဖို့အပြင် မိုးရေကို သိုလှောင်တဲ့ Water Saving စနစ်ကလည်း လိုပါတယ်။ ချောင်း မြောင်း၊ လျှိုတွေမှာ ရေကိုပိတ်ပြီးလှောင်ထားမယ်။ ပြီးတော့မှ ထုတ်သုံးတယ် ဆိုတာမျိုးပေါ့ ” ဟု ဦးလင်းမြတ် က ဆိုသည်။

 

မကွေးတိုင်းတွင် နှမ်းသီးနှံကိုအဓိကထားစိုက်ပျိုးပြီး ယခုနှစ်မိုးရာသီ၌ဧက(၁၁)သိန်းကျော် စိုက်ပျိုးထားကြောင်း၊ မေလတွင် မုန်တိုင်းမိုးတစ်ခုရှိခဲ့သည့်အတွက် စိုက်ပျိုးမှုအဆင်ပြေခဲ့သော်လည်း ဇူလိုင်လအတွင်း မိုးရွာသွန်းရက်ခြားကာ ကွက်ကြားမိုးရွာသွန်းခဲ့ခြင်းကြောင့် ပျက်ဆီးနိုင်သည့် စိုက်ခင်းများလည်း ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရှိရသည်။

 

 “နှမ်းက မညီဘူးဗျ။ တစ်ချို့ဒေသတွေမှာ ပွင့်နီတွေကပ်ကုန်တာရှိတယ်။ အပင်တွေ မဖြစ်ထွန်းတာ ရှိတယ်။ အပင်ကြီးတွေ တအားသန်ပြီး သီးရှင်းသီးခိုင်က လေးငါးခိုင်လောက်ပဲ တင်တာရှိတယ်။ ။ တစ်ကယ်ကောင်းရင် သီးရှင်းက အစိတ်လောက်လောက်တော့ တင်ရမှာ။ ဒေသတစ်ခုထဲမှာကို တစ်ချို့တောင်သူတွေကျလည်း နှမ်းအရမ်းကောင်းကြတယ် ပြောတယ်။ ဘာတွေမှန်းကို မသိပါဘူး။ မိုးမျှော်လို့ကတော့ မကိုက်တော့ဘူး” ဟု မကွေးဒေသခံတောင်သူ ဦးသောင်းက ပြောသည်။

 

မကွေးတိုင်း၏ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းမှာ မိုးစပါး(၂ ဒသမ ၅ ရာခိုင်နှုန်း)၊ အစေ့ထုတ်ပြောင်း(၇၆ ဒသမ ၅၇ ရာခိုင်နှုန်း)၊ မြေပဲ (၄၇ ဒသမ ၂၉ ရာခိုင်နှုန်း)၊ နှမ်း(၉၂ ဒသမ ၄၃ ရာခိုင်နှုန်း)၊ နေကြာ(၁၈ ဒသမ ၇၃ ရာခိုင်နှုန်း)၊ ပဲတီစိမ်း(၃၃ ဒသမ ၃၅ ရာခိုင်နှုန်း)၊ ပဲစဉ်းငုံ(၈၅ ဒသမ ၅၄ ရာခိုင်နှုန်း)၊ ဝါ(၄ ဒသမ ၃၆) နှင့် လျာထားချက်ထက် ပိုစိုက်သည့် ကြံသီးနှံမှာ(၁၀၉ ဒသမ ၂၀ ရာခိုင်နှုန်း)တို့ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ဇွန်လ ၃၀ ရက်နေ့ မှတ်တမ်းများအရ သိရသည်။

ဇေယျတု(မကွေး)