ကမ္ဘာကြီးပေါ်တွင် သက်ရှိလူသတ္တဝါများ အသက်ရှင် ရပ်တည်နေထိုင်နိုင်ရန်အတွက် နွေ၊ မိုး၊ ဆောင်း ဥတုရာသီသုံးမျိုး ပုံမှန်ဖြစ်တည်လာခဲ့သည်။ သို့သော်လူသားများ၏ ပြုလုပ်ဆောင်ရွက်ချက်များကြောင့်  ရာသီဥတု ပုံမှန်မဖြစ်တော့ဘဲ ပြောင်းလဲမှုများဖြစ်လာခဲ့သည်။  ရာသီဥတုပြောင်းလဲခြင်းသည် ကမ္ဘာကြီးပူနွေး လာခြင်းကြောင့်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ပြည်သူများ ကြုံတွေ့ကြရသည်။

 

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်တန်းဒေသများတွင် ရေခဲများအရည်ပျော်ခြင်း၊ ဆီးနှင်းများ ထူထပ်စွာ ကျရောက်ခြင်းနှင့် မိုးနည်းရေရှားဒေသများတွင် မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲခြင်းများဖြစ်ပေါ်ပြီး ကန္တာရများ ဖြစ်လာနိုင်သည့် အခြေအနေများဖြစ်လာခဲ့သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၁၉ ရာစု၊ ၂၀ ရာစု ရာသီဥတုအခြေအနေများနှင့် လက်ရှိကာလ၏ အခြေအနေများ တစ်နှစ်ထက်တစ်နှစ် ကွာခြားလာသည်ကို တွေ့နိုင်သည်။ အများအားဖြင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ် ဆင့်ကဲလွှမ်းမိုးမှုမှ တစ်ဆင့် အစွန်းရောက်ဖြစ်စဉ်များ ကို ခံစားနေရသည်။

 

တစ်ကမ္ဘာလုံးအတိုင်းအတာအရ အယ်လ်နီညိုနှင့် လာနီညာဆိုသည့် အစွန်းရောက်ဖြစ်စဉ်များ ကြုံတွေ့လာရသည်။ လက်ရှိတွင် အပူလွန်ကဲသည့် အယ်လ်နီညိုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြပြီး နောင်ကာလတွင် အအေးလွန်ကဲသည့် လာနီညာဖြစ်စဉ်နှင့် ကြုံတွေ့နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ အယ်လ်နီညိုနှင့် လာနီညာသည် ပုံမှန်ရာသီဥတုဖြစ်စဉ်များကို ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် အစွန်းရောက် သဘာဝဖြစ်စဉ်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ၏ ရာသီဥတုကိုသာမက အာရှတိုက်တောင်ပိုင်း ကမ်းခြေဒေသများသို့တိုင် အစွန်းရောက်ရာသီဥတုအခြေအနေများ ဖြစ်ပေါ်လာသည်။

 

အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ အသီးသီး၌ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ လေတိုက်နှုန်းပြင်းထန်မှုနှင့် လေထုဖိအား ကျဆင်းမှုများ စံချိန်တင်ဖြစ်ပေါ်ခဲ့ခြင်း၊ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်းများကို ကြုံတွေ့ခဲ့ရသည်။ ၂၀၂၄ ခုနှစ် နွေရာသီကာလတွင် အယ်လ်နီညိုရာသီဥတု အခြေအနေ သက်ရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ချော်ရည်ပူများစီးဆင်းခြင်း၊ မိုးသီးကျွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

 

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦးစသည့်မြို့များ ပါရှိသည်ကို ထုတ်ပြန်ထားချက်များအရသိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၂၄ ခုနှစ် မေလလယ်အထိ မိုးလေဝသတိုင်းထွာရေးစခန်း ၃၀ ခန့်၏ တိုင်းတာ ချက်အရ အကြိမ် ၅၀ ခန့် အပူချိန်စံချိန်သစ်တင်ခဲ့ပြီး အပူချိန်မြင့်မားမှုကြောင့် ဒေသအချို့တွင် အပူပြန်မိုးတိမ်တောင်များဖြစ်ပေါ်ပြီး စိုက်ဆင်းလေပြင်းများ ကျရောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ်များတွင် အနှောင့်အယှက်များစွာ ဖြစ်ပေါ်ခဲ့သည်။ အာဆီယံဒေသအတွင်း ၂၀၂၄ ခုနှစ် မေလအထိ ငလျင်လှုပ်မှု၊ ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ မီးတောင်ပေါက်ကွဲမှု ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ရာ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုများပြားလာသည်ကိုတွေ့ရသည်။

 

သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၂၀၂၃-၂၀၂၄ ခုနှစ်ကာလများတွင် သဘာဝဘေးအန္တရာယ်များ ပိုများလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ကို ခံစားခဲ့ကြရပြီး ယခုနှစ်မိုးရာသီကာလတွင် မုန်တိုင်းအန္တရာယ်ကို တိုက်ရိုက် မကြုံတွေ့သော်လည်း ပတ်ဝန်းကျင်၏ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို သတိပြုရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ကျရောက်နိုင်သဖြင့် ဒေသအလိုက် ဆောင်ရွက်ရမည့်တည်မြဲ အမိန့်များရှိမှသာ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)တွင် နိုင်ငံတော်အကြီးအကဲက “သဘာဝလွန် ဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး မိမိတို့နိုင်ငံတွင် အလားတူမဖြစ်အောင် မည်ကဲ့သို့ ကာကွယ်တားဆီးရမည်ဆိုသည်ကို စဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားသည်။ မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်တို့၏ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ကြရမည်ဖြစ်ရာ ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်း ဆုံးအခြေအနေရောက်အောင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      

 

ကြေးမုံ