နေပြည်တော်၊ ဇန်နဝါရီ ၂၅
သီးနှံစုံ အကန့်လိုက် စိုက်ပျိုးနည်းစနစ် တောင်သူပညာပေး သရုပ်ပြခြင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာစံပြ စိုက်ကွင်း၌ ဆောင်ရွက်ထားရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပေါင်မြို့နယ် ကတိုက်ရေသောက်စနစ် ရှိ ကျေးရွာ ၁၇ ရွာမှ တောင်သူ၄၀ လာရောက် လေ့လာကြသည်။
တောင်သူ ဦးသန်းထွန်း ဦးဆောင်သည့် လေ့လာရေးအဖွဲ့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများက သီးနှံစုံ (၁၈) မျိုးကို အကန့်လိုက်စိုက်ပျိုးထားရှိမှု လေ့လာခြင်းသုတေသနနှင့် ရာသီဥတု ပြောင်းလဲသက်ရောက်မှုဒဏ် ခံနိုင်ရည်ရှိသည့် စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ၏ အရေးပါမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေးတောင်သူများကို သီးနှံစုံ (၁၈) မျိုး အကန့်လိုက် စိုက်ပျိုးထားရှိသည့် စိုက်ခင်းအတွင်း လိုက်လံရှင်းလင်း ပြသကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် လေ့လာရေးတောင်သူများသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စိုက်ကွင်းတွင် တစ်နှစ် (၃) သီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စမ်းသပ်၊ စံပြစိုက်ခင်းကို ကြည့်ရှုလေ့လာကြရာ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ရှင်းလင်းပြသပြီး တောင်သူများ၏ သိရှိလိုသည်များ မေးမြန်းမှုကို အသေးစိတ်ဖြေကြားဆွေးနွေးသည်။
ထို့နောက် လေ့လာရေးတောင်သူအဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန ကျောက်ဆည်အင်းကုန်းစက်ရုံက ထုတ်လုပ်သော လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြ ကောက်စိုက်နေမှုကို ကြည့်ရှုလေ့လာကြပြီး ကိုယ်တိုင်ပါဝင်၍ စမ်းသပ်အသုံးပြု လေ့လာခဲ့ကြသည်။ ယင်းနောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမဆောင်၌ လေ့လာရေးတောင်သူများကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အပတ်စဥ် စနေနေ့များတွင် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် သုတေသနအရာရှိ ဒေါ်သိန်းသိန်းမော်က စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ခြင်းတို့ကို ရှင်းလင်းတင်ပြပြီး တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လေ့လာရေးတောင်သူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန (PHRI) ၊ စက်မှုလယ်ယာသင်တန်းကျောင်း (ရေဆင်း) နှင့် စိုက်ပျိုးရေးသုတေသန သြဂဲနစ် သုတေသနဗဟိုဌာနတို့မှ ဆောင်ရွက်ထားရှိသော လေပေးစနစ်မြေဆွေးပြုလုပ်ခြင်း သုတေသနများကို လေ့လာကြသည်။
ထို့နောက် မွန်ပြည်နယ်မှ လေ့လာရေးတောင်သူများသည် စိမ်းစားပင်ကျေးရွာ မအူတောအုပ်စု နံရံဘန်ကျေးရွာ တောင်သူစိုက်ကွင်းတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး ထားသည့် နွေစပါးစိုက်ခင်း ၊ ပျဥ်းမနားမြို့နယ်ရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံ GAP စံပြ စိုက်ကွင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ နေကြာသီးနှံမျိုးယှဥ်ပြိုင် စမ်းသပ်ကွက်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


