ရာသီဥတုပြောင်းလဲမှုကို လျှော့ချဖို့ သစ်ပင်တွေ စိုက်ကြစို့

သန်းဖြိုးနိုင် (ကညင်ကျိုး)

ယခုနှစ်သည် ယခင်နှစ်များနှင့်မတူ အလွန်ပူပြင်းလှသည်။ နိုင်ငံအတွင်းမှ အချို့သောဒေသများတွင် နှစ်ပေါင်း ၄၀၊ ၅၀ အတွင်း တစ်ကြိမ်မျှ မဖြစ်ပေါ်ခဲ့ဖူးသည့် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့သည်။ ပို၍ဆိုးသည်မှာ ယခင်နှစ်တိုင်းဖြစ်နေကျ မုတ်သုံအကြိုမုန်တိုင်းက မဝင်ရောက်လာသည့်အပြင် မုတ်သုံအဝင် နောက်ကျခြင်းကြောင့်လည်း မြန်မာပြည်အထက်ပိုင်းတွင် မိုးမရွာသဖြင့် ဆည်များတွင် ရေနည်းပြီး ရေအားလျှပ်စစ်စက်ရုံများကောင်းစွာ မလည်ပတ်နိုင်၍ မီးကို အလှည့်ကျပေးနေရသည်။

အပူချိန်ကို သိသိသာသာခံစားခဲ့ကြရ

ထိုအခါ လျှပ်စစ်မီးနှင့်သာ သုံးရသည့် လေအေးပေးစက်များ ကောင်းစွာ အလုပ်မလုပ်နိုင်ကြသည့်အဆုံး နောက်ဆုံးအပူချိန်ကို အန်တုရင်းဖြင့်သာ နွေကာလရှည်ကို ဖြတ်သန်းနေကြရသည်။ နေ့အပူချိန်မြင့်တက်မှုမှာလည်း မေလ ၂၀ ရက်နေ့တိုင်အောင် ချောက်မြို့တွင်၄၅ ဒီဂရီစင်တီဂရိတ်နှင့် မြင်းမူ၊ မြင်းခြံ၊ ညောင်ဦး၊ မင်းဘူး၊ မကွေးတို့တွင် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိနေဆဲဖြစ်သည်။ ယခင်လဆန်းပိုင်းကဆိုလျှင် ချောက်နှင့် ဂန့်ဂေါမြို့တို့တွင် ၄၇ ဒီဂရီစင်တီဂရိတ် ကျော်သည်အထိ နှစ်ပေါင်း ၅၀ အတွင်း မကြုံစဖူးလောက်အောင် စံချိန်တင် မြင့်တက်ခဲ့ရသည်။

သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို သိမြင်လာခဲ့ကြ

ထိုသို့မြင့်တက်သည့် အပူချိန်နှင့်အတူ ယှဉ်တွဲပါလာသည်က လေပြင်းတိုက်ခတ်မှု၊ မိုးများရွာသွန်းမှုတို့ဖြစ်သည်။ မိုးရွာသွန်းသည်ဆိုသော်ငြား အပူချိန်ကတော့ဖြင့် ကျမသွားသေးချေ။ ထိုသို့သော မကြုံစဖူး ထူးကဲလာနေသည့် ရာသီဥတု ပူပြင်းမှုအကြားတွင် ယခုနှစ်ပိုင်း ပြည်သူအများစု သတိထားမိလာသည်က မြန်မာပြည်အလယ်ပိုင်းနှင့် အချို့ဒေသများတွင် သစ်ပင်များ ခုတ်ထွင်မှု၊ သစ်တောများ ပြုန်းတီးမှုများ ဖြစ်သည်။ ယခုကဲ့သို့ အပူချိန်ကို ထူးကဲစွာ ခံစားကြရမှ သစ်ပင်များ၏ တန်ဖိုးကို သိလာသည်။ သစ်ပင်များမခုတ်ရေး၊ သစ်တောများထိန်းသိမ်းရေးနှင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်များ အမှန်တကယ် ဖြစ်ထွန်းအောင် စိုက်ပျိုး ရေးအတွက် ပြောဆိုလှုပ်ရှားလာနေကြသည်ကို ဝမ်းမြောက်စွာ တွေ့ရသည်။

ကမ္ဘာ့ရာ သီဥတုပြောင်းလဲမှုဖြစ်စဉ်အကြား သဘာဝဘေး ထိခိုက်ခံစားခဲ့ကြရ

သစ်ပင်များစိုက်ပျိုးရန် ပျိုးပင်များလှူဒါန်းခြင်း၊ စိုက်ပျိုးရန်အတွက် လှုံ့ဆော်ခြင်းများကို ယခုရက်ပိုင်း တွေ့လာရသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ နေရာအနှံ့အပြားတွင် တောမီးလောင်ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားလာသည်။ လွန်ခဲ့သည့်လကပင် တရုတ်၊ တောင်ကိုရီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့တွင် သစ်တောများ မီးလောင်ပြီး လူနေအိမ်များ၊ လူ့အသက်များ ဆုံးရှုံးခဲ့ရသည့် သတင်းများ တွေ့ခဲ့ရသည်။ သို့အတွက် ယခုဆိုလျှင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ထိုရာ သီဥတုပြောင်းလဲလာမှုအရေးကို ဖြေရှင်းရန်သစ်ပင်များကို အုပ်စုလိုက် အရေအတွက်အတော်များများ စိုက်ပျိုးနေကြသည့် သတင်းများ တွေ့လာရသည်။

နိုင်ငံအချို့တွင် အုပ်စုလိုက်သစ်ပင်စိုက်ပျိုးသည့် လှုပ်ရှားမှုများရှိလာ

လွန်ခဲ့သည့်ရက်ကဆိုလျှင် ဖိလစ်ပိုင်နိုင်ငံမှကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ၊ ပြည်သူများ နှင့် စေတနာ့ဝန်ထမ်းများပါဝင်သော လူပေါင်းတစ်သိန်း ခြောက်သောင်းကျော်သည် တစ်နာရီအတွင်း သစ်ပင်ပေါင်း ၃ ဒသမ ၂ သန်းကျော်စိုက်ပျိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိ အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တစ်နာရီအတွင်း သစ်ပင်ပေါင်း ၁ ဒသမ ၉ သန်း စိုက်ပျိုး နိုင်ခဲ့သောစံချိန်ကို ချိုးနိုင်ခဲ့ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး အဖွဲ့အစည်းမှ ဒါရိုက်တာ မာ့ခ်ဖရက်ဂါဒါက ဆိုထားသည်ကို ဖတ်ရသည်။ သစ်ပင်စိုက်ပျိုးမှုကို ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒေသခြောက်ခုတွင် နေရာခွဲပြီး စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးခဲ့သော အပင်များထဲတွင်ကိုကိုး၊ ရော်ဘာ၊ ကော်ဖီနှင့် ကျွန်းကဲ့သို့ နှစ်ရှည်သစ်မာပင်များလည်း ပါဝင်ကြောင်း ဖရက်ဂါဒါက ဆိုသည်။

လက်ရှိတွင် သစ်ပင်စိုက်ပျိုးပွဲ ပါဝင်ခဲ့သူများမှာ ဂင်းနစ်အဖွဲ့မှ တရားဝင် လက်မှတ်ပေးအပ်မည့် အချိန်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် နောက်သတင်းတစ်ခုမှာ ဗြိတိန်နိုင်ငံ၏ မြို့များတွင် သစ်ပင်ပေါင်း တစ်သိန်းသုံးသောင်းကို စိုက်ပျိုးသွားမည့် အစီအစဉ် ချမှတ်ထားသည့် သတင်းကြားရသည်။ ကမ္ဘာကြီး၏ အပူချိန်မြင့်မားလာမှုကို ကဏ္ဍတစ်ခုအနေဖြင့် တိုက်ဖျက်ရန်ဖြစ်သည်ဟု ဆိုထားပြီး စိုက်ပျိုးပြီးသည့် နောက်မှာလည်း သုံးနှစ်တိုင်တိုင် ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟုလည်း ဆိုထားသည်။ ထိုအစီအစဉ်ကို မြို့ပြ သစ်ပင်စိုက်ပျိုးရေးစိန်ခေါ်မှုဆိုင်ရာ ရန်ပုံငွေဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကာ ဗြိတိန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီး မိုက်ကယ်ဂပ်ဗ်က လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင်ကြေညာခဲ့သည်ကို တွေ့ရသည်။

သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသည့် စာရင်းတွင်မြန်မာနိုင်ငံပါဝင်

သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ နိုင်ငံအနေဖြင့်လည်း ယခင့်ယခင်ကာလများကတည်းက ချမှတ်ဆောင်ရွက်လာခဲ့သည့် မူဝါဒများမှာ ကောင်းမွန်သော်လည်း ယနေ့လက်ရှိအချိန်တွင်မှာမူ သစ်ပင်များကို အမှန်တကယ် ရှင်သန်အောင် စိုက်ပျိုးမှု၊ သစ်ပင်များကို တန်ဖိုးထားထိန်းသိမ်းမှုများ နည်းပါးနေသည်ကို တွေ့ရသည်။ သို့အတွက်ကြောင့်ပင် သဘာဝဘေးအန္တရာယ် အထိခိုက် အခံစားရဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာက ပါဝင်နေခြင်းဖြစ်သည်ကို တွေ့ရသည်။ သစ်တောသစ်ပင်များကိုထိန်းသိမ်းမှုနည်းပြီး ခုတ်ထွင်မှု များပြားလာခြင်းကြောင့်အပူချိန် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများ ဖြစ်ပွားလာနေသည်မှာ အရှေ့တောင်အာရှတွင်လည်း မြန်မာနိုင်ငံက ပိုမိုအဖြစ်များသည်။

နိုင်ငံပိုင်သတင်းစာများတွင် သစ်တောသစ်ပင်ထိန်းသိမ်းရန် လှုံ့ဆော်မှုများနေ့စဉ်လိုလို တွေ့ရ

သစ်တောနှင့် သစ်ပင်များကို မြေပြင်တွင် အမှန်တကယ် ထိန်းသိမ်းကြသည်၊ မထိန်းသိမ်းကြဆိုသည်မှာ ပြောရန်မသေချာသော်လည်း အစိုးရအဆက်ဆက်က ထုတ်ဝေသည့် နိုင်ငံပိုင်သတင်းစာများတွင်မူ “သစ်တော နှင့် သစ်ပင်ကို ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်ရွှေတိုက်ကိုစို၊ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်သည်၊ “သစ်ပင်နည်းလာ တို့က္ဘာ လွန်စွာပူအေး ဥတုဘေး၊ “ဥတုရာသီ တောကိုမှီသည်၊ “ရတနာ သစ်တော ပြည့်သွေးကြော၊ သစ်တောရတနာ ထိန်းသိမ်းပါ၊ “နိုင်ငံတစ်ဝန်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ “ဇီဝမျိုးစုံ မျိုးကွဲတွေ ကြွယ်စေဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ “သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေး၊ “တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၏၊ “သစ်ပင်စိုက်မှ အရိပ်ရ၏၊ ရိပ်ခိုနားနေ အပန်းဖြေ၏ စသည့် ဆောင်ပုဒ်များကိုတော့ဖြင့် နေ့စဉ်လိုလို ပါရှိသည်ကို မြင်နေ၊ ဖတ်နေရသည်။ သစ်များ ထုတ်လုပ်ကြရာတွင် သစ်ထုတ်ပြီးသား သစ်ကွက်အဟောင်းကို သစ်တောဦးစီးဌာနက အပင်သစ်များ ပြန်စိုက်လေ့ရှိပြီး စိုက်စရိတ်ကိုလည်း နိုင်ငံ့ဘဏ္ဍာမှနှစ်စဉ် ခွင့်ပြုကျခံသုံးစွဲလျက်ရှိကာ အပင်သစ်ပြန်စိုက်ရန်လည်း ဦးစီးဌာနတစ်ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရသည်။ သို့သော် အခြားတစ်ဖက်တွင်မူ မိုးဦးကျကာလ ဇူလိုင်လဆိုသည်နှင့် မြန်ပြည်တစ်လွှား ဌာနဆိုင်ရာများတွင်မူ သစ်ပင်စိုက်ပွဲတော်များ လုပ်ကြသည့်အသံများ နှစ်စဉ်လိုလိုကြားရသည်။ နိုင်ငံတော်လူကြီးများနှင့် ဌာနဆိုင်ရာ လူကြီးများဦးစီးကာ တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ဌာနများက အစီစီအရီရီ ဆိုင်းဘုတ်များထူပြီး ပွဲလမ်းသဘင်ခင်းကျင်းကာ နှစ်စဉ်စိုက်ပျိုးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အထူးစီမံချက်ချထားရန် လိုအပ်

သို့အတွက် မကြာမီကာလ ဇူလိုင်အစ မိုးရာသီတွင်မူ အမှန်တကယ် လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးနိုင်ရေးမှာ အရေးကြီးသည်။ သို့အတွက် ယခုကတည်းက စိုက်ပျိုးမည့်နေရာများ ရွေးချယ်စီမံထားသင့်သည်။ စီမံချက်များရေးဆွဲပြီး သစ်တောဌာန၏ သစ်တောပျိုးဥယျာဉ်များတွင် ပျိုးပင်များ ထောင်ထားကြရတော့မည့် အချိန်ဖြစ်သည်။ ထိုအတွက်လည်း နိုင်ငံဘတ်ဂျက်များ ခွင့်ပြုပေးပြီး ဖြစ်သည်ဟုလည်းထင်သည်။ နောက်တစ်ချက်မှာ သစ်ပင်စိုက်သည့် အခါတွင်လည်း မြန်မာနိုင်ငံအနေဖြင့်စုံလင်သည့် မြေအမျိုးအစား၊ ရာသီဥတုမတူသည့် သဘော ရှိသည့်အတွက် ဒေသနှင့်ကိုက်ညီသည့် အပင်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြရေးသည်လည်း အရေးကြီးသည်။

သစ်ပင်၊ သစ်တောများမှ ရရှိနိုင်သည့်အကျိုးကျေးဇူးများ

သစ်ပင်များရှိခြင်းအားဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် အပူထုတ်လွှတ်မှုကို လျှော့ချပေးခြင်း (ဥပမာအားဖြင့် သစ်ပင်များ စိုက်ထားသည့် လမ်းများတွင် ကားမောင်းပါက ကားမှထွက်လာသည့် ကားအိတ်ဇောဓာတ်ငွေ့ပမာဏ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေခြင်း)၊ လေထုညစ်ညမ်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကိုလည်း လျော့ပါးသက်သာစေခြင်း၊ အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်သည် တစ်နှစ်ကို ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၁၅၀ ကုဗကီလိုဂရမ်ခန့်ကို စုပ်ယူပေးနိုင်ခြင်း၊ အရိပ်ကောင်းသည့် သစ်ပင်တစ်ပင်သည် တစ်ရက်လျှင် အဲကွန်း ၁၀ လုံး နာရီ ၂၀ ခန့် ဖွင့်ထားသည့် အအေးဓာတ်သက်ရောက်မှုမျိုး ပေးစွမ်းနိုင်ခြင်း၊ ပတ်ဝန်းကျင်အပူချိန်ကို ပျမ်းမျှ ခြောက်ဒီဂရီဆဲလ်ဆီးရပ်စ်ခန့်အထိ ကျဆင်းသွားစေခြင်းများအပြင် သစ်ရိပ်၊ ဝါးရိပ်ကြောင့်လူများကို ပျော်ရွှင်မှုဖြစ်စေခြင်း၊ စစ်တမ်းများအရ စိမ်းစိုသည့် ပတ်ဝန်းကျင်သည် လူများ၏စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ခြင်း၊ သစ်ရိပ်ဝါးရိပ်များတွင် လေ့ကျင့်ခန်းလုပ်ရသည့်အခါ Gym  ထဲမှာထက် ၅၀ ရာခိုင်နှုန်းခန့်ပိုမိုပျော်ရွှင်စေနိုင်ခြင်း၊ မြို့ပြနေတိရစ္ဆာန်များကို ကာကွယ်ပေးနိုင်ခြင်း၊ အရွယ်ရောက်ပြီး ဝက်သစ်ချပင် တစ်ပင်သည် သက်ရှိမျိုးစိတ် ၅၀ဝ ခန့်ကို မှီခိုနေထိုင်နိုင်စေခြင်း၊ ပတ်ဝန်းကျင်တွင် ဇီဝမျိုးကွဲများ ပိုမိုစုံလင်လာအောင် တွန်းအားဖြစ်စေနိုင်ခြင်း၊ လူများအတွက် ငွေကုန်ကြေးကျ လျော့ပါးစေခြင်း ( ဥပမာ- သစ်ပင်များအနေဖြင့် မြို့ပြရာသီဥတု ပတ်ဝန်းကျင်ကို ချိန်ညှိပေးခြင်းကြောင့်အပူ၊ အအေးပေး စနစ်များတွင် အသုံးပြုမှုစရိတ်ကို ၁၀ ရာ ခိုင်နှုန်းခန့် လျှော့ချနိုင်ခြင်း)၊ ကာယကျန်းမာ ကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေခြင်း (ဥပမာအားဖြင့် ကိုယ့်ပတ်ဝန်းကျင်တွင် သစ်ပင်ကြီး ၁၁ ပင်ထက်မနည်း ရှိနေသည့်အခါ နှလုံးကျန်းမာရေး ကောင်းကျိုးများ ဖြစ်ပေါ်လာစေခြင်း) များ ရရှိစေနိုင်ကြောင်း တွေ့ရသည်။

လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးသို့အတွက် ယခုအချိန်မှစ၍ လာမည့်နှစ်တိုင်း၊ အချိန်တိုင်းတွင် ကျွန်ုပ်တို့နိုင်ငံတစ်ဝန်းတွင် အစိုးရရော၊ ပြည်သူလူထုများပါပါဝင်ပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်များကို နေရာအစုံတွင် စိုက်ပျိုးစေချင်လှပါသည်။ စိုက်ပျိုးပြီးချိန်တွင်လည်း ရှင်သန်အောင် ပြုစုပျိုးထောင်စေချင်ပါသည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှ ထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်များကြောင့် ကမ္ဘာ့အပူချိန်မြင့်လာမှုကို တိုက်ဖျက်ရာတွင် သစ်ပင်များသည် အင်မတန်အရေးပါသည့် ကဏ္ဍတွင် ရှိနေသည်ကို သတိချပ်ကြစေချင်ပါသည်။ သစ်ပင်များစွာ စိုက်ပျိုးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့်ရာသီဥတုကို ဖန်တီးနိုင်ပြီး နောင်လာမည့်နှစ်တွင် အပူချိန်မြင့်မားမှုကို လျော့ကျစေမည်၊ ရေကြီးမှုများကို ကာကွယ်ပေးမည်၊ အရိပ်လည်းရစေသည်၊ လူသားများအတွက် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသည်ကို အားလုံးက နားလည်လက်ခံပြီး ပါဝင်ပူးပေါင်းကာ သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် များများစိုက်ပျိုး ကြချိန်တန်နေပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။

ကြေးမုံ