ချမ်းသာတဲ့နိုင်ငံဖြစ်ဖြစ်၊ ဆင်းရဲတဲ့နိုင်ငံဖြစ်ဖြစ် အခုတော့ သဘာဝအဖျက်စွမ်းအား တစ်ခုဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့ အကျိုးသက်ရောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့လိုပါတယ်။ အဲဒီလိုသာပြုလုပ်မှုမရှိဘူးဆိုရင် နောင်တစ်ချိန်မှာ ဒီထက်ကြီးမားလှတဲ့ တန်ဖိုးကို ပေးဆပ်ရမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဦးဆောင်တဲ့ ကမ္ဘာရာသီဥတု သဟဇာတဖြစ်ရေးအဖွဲ့ (ဂျီစီအေ)က စက်တင်ဘာ ၁၀ ရက်က သတိပေးချက် တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေလုပ်
အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံကို နောင်လာမယ့်ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာကြီးရဲ့ အဓိကအရေးကြီးတဲ့နေရာငါးခုမှာ အသုံးပြုမယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှုကြောင့်ဖြစ်လာတဲ့ အဆိုးရွားဆုံးအကျိုးသက်ရောက်မှုတွေကို လုံးဝလျော့ပါး သွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်သေးပါဘူး။
ရာသီဥတုပြောင်းလဲမှုကို နှေးကွေးလာအောင်လုပ်ဆောင်မယ့် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်တွေ လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့သော်လည်း လုံလောက်မှု မရှိသေးပါဘူးလို့ အဆိုပါအစီရင်ခံစာမှာ ထပ်မံဖော်ပြထားပါတယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆိုးရွားမှုအခြေအနေနဲ့ ကိုက်ညီအောင် မိမိတို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြားထပ်မံပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
ရာသီဥတုဆိုင်ရာ ကြိုတင်သတိပေးမှုအခြေအနေတွေ၊ ရာသီဥတုဒဏ်ခံအခြေခံ အဆောက်အအုံတွေ၊ ဒီရေတောကာကွယ်မှုတွေ၊ အကောင်းမွန်ဆုံးစိုက်ပျိုးရေး စနစ်၊ ရေချိုအရင်းအမြစ်ပေါများရေးစတဲ့နေရာတွေမှာ လတ်တလော ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတာတွေ ရှိပါတယ်။
ဆိုးကျိုးတွေ ခံစားနေရ
ဒီရေတောတွေကာကွယ်တာဟာ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမှုတွေကို ခုခံကာကွယ်ပေးတာနဲ့အတူတူပါပဲ။ သို့သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အနည်းဆုံး ဒီရေတော သုံးပုံပုံတစ်ပုံလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးကုန်ပါပြီ။
ရာသီဥတုပြောင်းလဲမှုကို နောင်လာမယ့် ၂၀၃၀ အထိ အရေးတယူဆောင်ရွက်မှုတွေ မပြုဘူးဆိုရင်တော့ ဒီရာသီဥတုပြောင်းလဲမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ လူပေါင်းသန်း ၁၀ဝ လောက်ဟာ ဆင်းရဲမွဲတေသွားကြလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက သတင်းထောက်များကို ပြောပါတယ်။ ကမ္ဘာအနှံ့မှာနေထိုင်ကြတဲ့လူတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးကျိုးတွေ ခံစားနေရပါတယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲ ခရစ်တာလီနာဂျော့ဂျီဗာနဲ့အတူ ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
မစွမ်းသာခဲ့
ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းမှုတွေရဲ့ သက်တမ်း ၂၅ နှစ်အတွင်းမှာ ရာသီဥတုသဟဇာတဖြစ်ရေးဟာ ရာသီဥတုဒဏ်လျော့ပါးသက်သာရေး သို့မဟုတ် ကာဗွန်ထုတ်လွှတ်တာတွေလောက် သိပ်အရေးမပါခဲ့ပါဘူး။ အခုတော့ ရာသီဥတုသဟဇာတဖြစ်ရေးဟာလည်း တခြားဖြစ်စဉ်တွေလိုပဲ အရေးကြီးတဲ့နေရာကနေ ပါဝင်လာပြီဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့ ရာသီဥတုဖောက်ပြန်မှုတွေကို ဆင်းရဲတဲ့နိုင်ငံတွေ ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများဆုံး ရင်ဆိ်ုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဖြစ်စဉ်တွေနဲ့ အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စံချိန်ချိုး ဟာရီကိန်းမုန်တိုင်းတွေရဲ့ အကျိုးဆက်တွေ၊ ဥရောပနဲ့ ဂျပန်မှာဖြစ်ပွားခဲ့တဲ့ ပြင်းထန်လှတဲ့အပူလှိုင်းတွေကို သုံးသပ်ကြည့်မယ်ဆိုရင် ပိုက်ဆံချမ်းသာတိုင်းလည်း အခုလိုဖြစ်ပွားခဲ့တဲ့ ရာသီဥတုဘေးအန္တရာယ်တွေကို အန်တုရင်ဆိုင်ဖို့ မစွမ်းသာခဲ့ဘူးဆိုတာ သက်သေပြနေသလိုပါပဲ။
ပျက်စီးမှုတွေကို ပိုမိုဖြစ်ပေါ်
ဒီလိုရာသီဥတုဖောက်ပြန်မှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သာမကပါဘူး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ဗြိတိန်ဌာနတစ်ခုမှ တာဝန်ရှိသူ ဒိုမီနစ်မော်လီက ပြောပါတယ်။ သို့သော်လည်း ရာသီဥတုသဟဇာတဖြစ်ရေးကို ချဉ်းကပ်မှုဟာလည်း ကာဗွန်ညစ်ညမ်းမှုကိုတော့လုံးဝ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်သေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
မိမိတို့အနေနဲ့ ကာဗွန်လျှော့ချရေးနဲ့ ရာသီဥတုသဟဇာတဖြစ်ရေးနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်းပြုလုပ်ဖို့လိုတယ်လို့ မော်လီကတော့ပြောပါတယ်။ ရာသီဥတု သဟဇာတဖြစ်ရေးဟာ ကမ္ဘာကြီးအနေနဲ့ ရာသီဥတုဆိုင်ရာသဟဇာတဖြစ်မှုမှာ ဘယ်လောက်အရေးပါနေသလဲဆိုတာ ထင်သာမြင်သာရှိစေဖို့ပဲဖြစ်ပြီး ရာသီဥတုဒဏ် လျော့ပါးသက်သာရေးဆိုတဲ့ခေါင်းစဉ်နဲ့လည်း အလှမ်းမဝေးစေချင်ဘူးလို့ သူကပြောပါတယ်။
ဖန်လုံအိမ်သဘာဝဓာတ်ငွေ့လျှော့ချဖို့ ပျက်ကွက်လာခဲ့တာဟာ ကမ္ဘာကြီးကိုတဖြည်းဖြည်းပူနွေးလာစေပြီး အပူလှိုင်းတွေ၊ ရေပြတ်လပ်တာတွေဖြစ်ပေါ်စေပါတယ်။ ထို့အတူပဲ ပြင်းထန်မုန်တိုင်းတွေကြောင့် ပျက်စီးမှုတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
တိုက်တွန်းခဲ့
ဘဟားမားနိုင်ငံဟာ အခုတစ်လောမှာ အပြင်းထန်ဆုံး အတ္တလန်တိတ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉ ရာစုကတည်းက ကမ္ဘာမျက်နှာပြင် ပျမ်းမျှအပူချိန်ဟာ တစ်ဒီဂရီဆဲလ်စီယက်အထိ မြင့်တက်လာခဲ့ပါတယ်။ အခုဖြစ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနှုန်းအတိုင်း ဆက်ဖြစ်နေပါက လာမယ့် ရာစုနှစ်အဆုံးမှာ နောက်ထပ်နှစ် ဒီဂရီဆဲလ်စီးယက် သို့မဟုတ် သုံးဒီဂရီဆဲလ်စီးယက် လောက် မြင့်တက်လာမှာ ဖြစ်ပါတယ်။
ဝ၁၅ ပါရီရာသီဥတုဆိုင်ရာ ညီလာခံက ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို နှစ်ဒီဂရီ ဆဲလ်စီးယက် ဒါမှမဟုတ် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်အထိ လျှော့ချဖို့ တိုက်တွန်း ခဲ့ပါတယ်။
ပိုမိုဆိုးရွားဖွယ်ရှိ
ရာသီဥတုသဟဇာတဖြစ်ရေးအတွက် နောင်လာမယ့် ၂၀၂၀-၂၀၃၀ ပြည့်နှစ် အတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံရင်းနှီးမြှုပ်နှံမှုလုပ်တာဟာ တကယ်တမ်းတော့ ကမ္ဘာ့လိုအပ်ချက်အရ ပြည့်မီမှုမရှိသေးပါဘူး။ သတိပေးချက် စနစ်နဲ့ အခြားနယ်ပယ်လေးခုကို ခြုံငုံမိမှာ ဖြစ်ပါတယ်။
အကယ်၍များ ရာသီဥတုလျော့ပါးသက်သာရေးမှာ မိမိတို့နှောင့်နှေးခဲ့မယ်ဆိုရင် လူသားတွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ရာသီဥတုလိုက်လျောညီထွေဖြစ်စေမှုကို ဘယ်တော့မှ ဖြစ်စေလာမှာ မဟုတ်ဘူးလို့ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
ကမ္ဘာကြီးကိုသာ မိမိတို့အချိန်မီမကယ်တင်နိုင်ဘူးဆိုရင် ကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်ကြတဲ့သူတွေအတွက် စိတ်မအေးစရာအခြေအနေတွေ ဖြစ်စေမှာဖြစ်ပါတယ်။
ယနေ့ခေတ်မှာ ချမ်းသာတဲ့နိုင်ငံဖြစ်ဖြစ်၊ ဆင်းရဲတဲ့နိုင်ငံဖြစ်ဖြစ် ကမ္ဘာကြီးထဲမှာ မှီတင်းနေထိုင်ကြတာဖြစ်တဲ့အတွက် ကမ္ဘာကြီးရဲ့ ဆိုးရွားလှတဲ့ ပြောင်းလဲမှုတွေကို အနည်းနဲ့အများခံစားကြရမှာဖြစ်ပါတယ်။ အဲဒီလို ခံစားကြရတဲ့နေရာမှာ ချမ်းသာတဲ့ နိုင်ငံတွေအတွက် အနည်းငယ်သက်သာနိုင်သော်လည်း ဆင်းရဲတဲ့နိုင်ငံတွေအတွက် ပိုမိုဆိုးရွားဖွယ်ရှိနေပါတယ်။
ဒါကြောင့် အဲဒီလိုနိုင်ငံတွေအနေနဲ့ ကမ္ဘာကြီးဖောက်ပြန်ပြောင်းလဲမှုဖြစ်ပေါ်ရင် ကြုံတွေ့နိုင်ရမယ့် အခြေအနေတွေကို ချမ်းသာတဲ့နိုင်ငံတွေထက် ပိုမိုပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ကိုးကား - အေအက်ဖ်ပီ
ထွန်းသစ်စ