မနီလာ မတ် ၁၁
ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကဏ္ဍတွင် မိမိနိုင်ငံအား ငွေကြေးထောက်ပံ့ရန် ပျက်ကွက် ခဲ့သည့် အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများအား ပြစ်တင်ပြောကြားလိုက်ပြီး အဆိုပါစီမံချက်များအား ဖိလစ်ပိုင်နိုင်ငံကသာ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး ကားလို့စ်ဒိုမင်ဂတ်စ်က ယနေ့ပြောကြားသည်။ ။
ကမ္ဘာမြေကြီးအား ညစ်ညမ်းမှုများဖြစ်လာစေရန် ဆောင်ရွက်ခဲ့သော အနောက်နိုင်ငံများသည် ၎င်းတို့ထားရှိခဲ့သည့် ရာသီဥတုပြောင်း လဲမှုတိုက်ဖျက်ရေးဆိုင်ရာ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီး ကားလို့စ်ဒိုမင်ဂတ်စ် က ပြောကြားသည်။ စက်မှုဖွံ့ဖြိုးပြီးဖြစ်သည့် အနောက်အုပ်စုနိုင်ငံ များသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထည့်ဝင်မည်ဟု ကတိပြု ထားသော်လည်း ယင်းငွေကြေးပမာဏပြည့်မီအောင် ထည့်ဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ ဖိလစ်ပိုင် နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ရန်ပုံငွေလုံလောက်စွာမရရှိခဲ့၍ လက်ရှိအချိန်တွင် မိမိနိုင်ငံ ကိုယ်တိုင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး စီမံချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒိုမင်ဂတ်စ်က ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံသားများ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို မခံစားရစေရန် ဆောင်ရွက်သင့်သည် များကို ယခုအချိန်ကပင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-စိုးသူရ