၁၉ ဖေဖော်ဝါရီ

 

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက အဲလစ်ပိုရှာ ဟာ သူ့ရဲ့နေအိမ်ထဲကနေ ညသန်းခေါင်ယံမှာ ကမန်းကတန်း ထွက်ပြေးခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေကြီးမှုကြောင့်ပါ။ ရေစီးနဲ့အတူ သူနေထိုင်တဲ့ အိမ်ကလေးရေထဲကို မျောပါမသွားစဉ် အိမ်ထဲကနေ ကမန်းကတန်းထွက်ပြေးခဲ့ရပါတယ်။

 

အဆိုးရွားဆုံးမုန်တိုင်း

 

ဆိုင်ကလုန်းမုန်တိုင်း Idai ကြောင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ရတာပါ။ အာဖရိကကို ဝင်ရောက်ခဲ့တဲ့ အဆိုးရွားဆုံးမုန်တိုင်း တွေထဲက တစ်ခုပါပဲ။ အဲဒီမုန်တိုင်းဟာ ဇင်ဘာဘွေနိုင်ငံအရှေ့ပိုင်း ဘူဟီရာကျေးရွာကို ဝင်မွှေသွားခဲ့ပါတယ်။ လက်ရှိ ဘူဟီရာကျေးရွာရဲ့ အခြေအနေကတော့အရင် တုန်းကနဲ့ မတူတော့ပါဘူး။ ဒါပေမယ့် ဘေးဒုက္ခတွေက လည်း အရင်အတိုင်းရှိနေဆဲပါပဲ။

 

အခုအခါမှာလည်း နှစ်ပေါင်း ၃၅ နှစ်တာကာလ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် ပြောင်းခင်းတွေ ဟာ ခြောက်သယောင်းနေပါတယ်။ မိုးနည်းနည်းလေး ရွာသွန်းခဲ့ရင်တောင် ပြောင်းခင်းပိုင်ရှင်တွေအတွက် ကျေးဇူးတင်စရာ ဖြစ်ခဲ့မှာပါ။ ပြောင်းခင်းတွေကလည်း ခြောက်သွေ့နေပြီး ရိတ်သိမ်းတဲ့အခါ ဘာမှကိုရမှာ မဟုတ်ဘူးလို့ အဲလစ်ပိုရှာက ပြောပါတယ်။ အာဖရိကတောင်ပိုင်း တစ်လွှားမှာတော့ စိုက်ခင်းတွေကိုကြည့်ရင် ဒီမြင်ကွင်းတွေချည်းပါပဲ။

 

ငတ်မွတ်ခေါင်းပါးမည့်ဘေး

 

မိုးခေါင်မှုကြာရှည်ခြင်းကြောင့် လူအများအပြား ငတ်မွတ်ခေါင်းပါးမယ့် ဘေးအဖြစ် ခြိမ်းခြောက်နေပါတယ်။ ဒီအကြောင်းအရာတွေရဲ့ ဇာစ်မြစ်ကတော့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့်ပါပဲ။ ဘူဟီရာ အပါအဝင် အခြားသောခရိုင်တွေမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေဖြစ်ပေါ်မယ်ဆိုတာ သိပ္ပံပညာရှင်တွေ ခန့်မှန်းခဲ့တဲ့အတိုင်းပါပဲ။ ၂၀၁၉ ခုနှစ် မတ်လအတွင်းမှာတော့ ဇင်ဘာဘွေနိုင်ငံအရှေ့ပိုင်းကို ( မုန်တိုင်း Idai ဝင်မွှေသွားခဲ့ခြင်းကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အိမ်နီးချင်း တိုင်းပြည်တွေဖြစ်တဲ့ မာလာဝီနဲ့ မိုဇမ်ဘစ်တို့မှာလည်း ထိခိုက်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပါတယ်။ လူပေါင်းထောင်နဲ့ချီပြီး သေဆုံးခဲ့ရသလို လူသန်းပေါင်းများစွာရဲ့ ဘဝဟာလည်း ထိခိုက်ခဲ့ရပါတယ်။

 

အာဖရိကတောင်ပိုင်းမှာရှိတဲ့ လူပေါင်း ၄၅ သန်း ကတော့ ငတ်မွတ်ခေါင်းပါးမှုဆိုတဲ့ ခြိမ်းခြောက်မှုန့် ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခုလို ငတ်မွတ်မှုပြဿနာကို အရင်တုန်းက တစ်ခါမှကြုံတွေ့ခဲ့ရဖူးခြင်းမရှိသလို ဒီထက်လည်း အခြေအနေပိုပြီး ဆိုးရွားလာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အာဖရိကတောင်ပိုင်းဆိုင်ရာဒေသတွင်း ညွှန်ကြားရေးမှူး လိုလာ ကတ်စ်ထရိုက ပြောပါတယ်။

 

နောက်ထပ်ပြဿနာတစ်ခု

 

လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်းမှာ အာဖရိကတိုက် တောင်ပိုင်းဒေသတစ်ကြောမှာ ပျမ်းမျှအားဖြင့် အပူချိန်ဟာ နှစ်ဆဖြစ်လာပါတယ်။ အဲဒီအခြေအနေကြောင့် မိုးမရွာတဲ့အဖြစ်ကို ရောက်လာခဲ့တာပါပဲ။

 

မိုးခေါင်မှုဒဏ်ကို လယ်သမားတွေ၊ မွေးမြူရေးသမားတွေ၊ ဟိုတယ်လုပ်ငန်းပိုင်ရှင်တွေ၊ ကျောင်းဆရာတွေအားလုံး ထိခိုက်ခံစားရပါတယ်။ နဂိုကမှ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဇင်ဘာဘွေနိုင်ငံအတွက် မိုးခေါင်မှု ဖြစ်လာတာဟာ နောက်ထပ်ပြဿနာတစ်ခု ထပ်တိုးလာတာပါပဲ။ ဇင်ဘာဘွေနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ ရေနံ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ လျှပ်စစ်ပြတ်တောက်မှု အစရှိတဲ့ ပြဿနာတွေနဲ့ လုံးချာလည်လိုက်နေပါတယ်။

 

စိမ့်မြေတွေခန်းခြောက်

 

မျက်စိရှေ့မှာမြင်နေရတဲ့ လူတိုင်းကတော့ အစားအသောက် ဖူလုံမှုမရှိခြင်းဆိုတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အသက် ၆၈ နှစ်အရွယ် ဂျန်ဆွန် နက်စ်ရှာဗာက ပြောပါတယ်။ မိုးရွာဖို့ ရှေးရိုးအစဉ်အလာ ပွဲတွေလုပ်ကြတယ်။ ဒါပေမယ့် ဘာမှထူးမလာဘူး။ စိမ့်မြေတွေဟာလည်း ခြောက်သွေ့လာတယ်။

 

တစ်နှစ်ပတ်လုံး စီးဆင်းတဲ့ စမ်းချောင်းတွေဟာလည်း ခန်းခြောက်လာပြီလို့ သူကဆက်ပြောပါတယ်။ ဇင်ဘာဘွေ နိုင်ငံရဲ့ လူဦးရေ ၁၅သန်းမှာ ၆၀ ရာခိုင်နှုန်းကတော့ လက်ရှိမှာ အစားအသောက် ဖူလုံမှု မရှိဘူးလို့ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်ကပြောပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့် က မုန်တိုင်း Idai မဝင်ရောက်မီတုန်းကလည်း ဘူဟီရာဟာ မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရတာပါပဲ။ အခုနှစ် မှာတော့ ပိုပြီးတော့တောင် ဆိုးလာပါတယ်။

 

သီးနှံ ၇၀ ရာခိုင်နှုန်းဆုံးရှုံးရ

 

ရာနဲ့ချီတဲ့လူတွေဟာ အင်န်ဂျီအိုအဖွဲ့တွေ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးဝေမယ့် အစားအသောက်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းယူကြရပါတယ်။ လွန်ခဲ့တဲ့ နှစ်တုန်းကလည်း မိုးခေါင်မှုကြောင့် သီးနှံ ၇၀ ရာခိုင်နှုန်းခန့် ကို ဆုံးရှုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မိုးရာသီဟာ နောက်ကျမှ ကျရောက်ပြီးအချိန်ကလည်း ခဏတာလေးပါပဲ။ ဒါကြောင့်လည်း ရှေးရိုးအစဉ်အလာအတိုင်း စိုက်ပျိုးနည်းစနစ်ကို ထိခိုက်စေခဲ့ပါတယ်။

 

ဆာလောင်မှုကြောင့် ကျောင်းပျက်ရ

 

ကျောင်းဆရာတစ်ဦးဖြစ်တဲ့ တက်ဒီဆိုင်ဝဘ်ဘာ ကတော့ သူ့အတန်းက ကလေးတွေအကြောင်းကို ဒီလိုပဲပြောပြခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့အခန်းထဲက ကလေး ၁၅ ယောက်ဟာ ကျောင်းမလာနိုင်ပါဘူး။ ကျောင်းပျက်ရတဲ့အကြောင်းရင်းကတော့ ဆာလောင်မှုကြောင့် ဖြစ်ပါတယ်။ နောက်တစ်တန်းမှာတော့ ကျောင်းသားပေါင်း ၃၀ တောင် ကျောင်းမလာနိုင်ပါဘူး။

 

တစ်ခါတလေမှာဆိုရင် ဘာမှမစားဘဲကျောင်းတက် ရသူတွေတောင်ရှိပါတယ်လို့ နောက်ထပ် ဆရာမတစ်ဦးဖြစ်တဲ့ ထရိုင်းနက်စ် ကေယူနီက ပြောပါတယ်။ ကေယူနီ မှာတော့ ကလေးတစ်ဦးရှိပြီး သူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစလို့ လစာမရဘဲ အလုပ်လုပ်နေရပါတယ်။ အဲဒီနောက်တစ်နေ့ကို တစ်နပ်သာ စားနိုင်ပါတော့တယ်။

 

ဇင်ဘာဘွေနိုင်ငံမှာရှိတဲ့ လူပေါင်း ၂ ဒသမ ၃ သန်းအတွက် အစားအစာလုံလောက်ဖို့ ရန်ပုံငွေ အသည်းအသန် လိုအပ်နေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း လိုအပ်တဲ့ရန်ပုံငွေအတွက် သုံးပုံပုံ တစ်ပုံသာ ကောက်ခံရရှိပါသေးတယ်။

 

လျစ်လျူရှုကြ

 

သူခိုးတွေကလည်း ထောက်ပံ့ရေးအစားအသောက်တွေကို ခိုးယူကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကုလသမဂ္ဂ အေဂျင်စီနဲ့ ဇင်ဘာဘွေအစိုးရတို့ ပူးပေါင်းပြီး မိုးရေချိန်တိုင်းတဲ့ပစ္စည်း ၁၆၅ ခုကို မိုးခေါင် ရေရှားမှုခံစားရတဲ့ ခရိုင်တွေမှာ ဖြန့်ဝေမှုတွေပြုလုပ်ခဲ့ ပါတယ်။ ရွာသားတွေအနေနဲ့ ရာသီဥတုအခြေအနေကို တွက်ချက်နိုင်ပြီး စိုက်ပျိုးဖို့အချိန်ကောင်းကိုလည်း တွက်ချက်နိုင်ပါတယ်။

 

တကယ်လို့များ မိုးရာသီကာလတိုမယ်ဆိုရင် မြန်မြန် အပင်ပေါက်မယ့်အစေ့ကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကိုသာ စောစောကသိခဲ့မယ်ဆိုရင် ဒီအချိန် လောက်ဆိုရင် အသင့်အတင့်ချမ်း သာနေပြီး ကလေးတွေကိုလည်း ကျောင်းထားနိုင်ခဲ့မှာ ပဲလို့ အသက် ၅၈ နှစ် အရွယ် ဟတ်ပါကာက ပြောပါတယ်။ သူကတော့ မိုးရွာပြီးလျှင်ပြီးချင်းပဲ သူ့ရဲ့ အိမ်နီး နားချင်းတွေကို မိုးရေချိန်အကြောင်း အသိပေးခဲ့ပါတယ်။

 

ဝမ်းနည်းဖို့ကောင်းတာက တချို့သော လယ်သမားတွေဟာ သူရဲ့ စကားကို နားမထောင်ကြဘဲ လျစ်လျူရှုကြတာပါပဲ။ ရရှိလာတဲ့ သတင်းအချက်အလက်အတိုင်း အသုံးချဖို့ကို လယ်သမားတွေက တွန့်ဆုတ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

 

အတိတ်ကရုန်းမထွက်နိုင်

 

သူတို့ဟာ ရှေးရိုးနည်းလမ်းတွေမှာပဲ နစ်မြုပ်နေပြီး အတိတ်ကနေ ရုန်းမထွက်နိုင်ကြဘူးလို့ သူကဆက်ပြော ပါတယ်။ မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍမှာတင် ထိခိုက်တာမဟုတ်ပါဘူး။

 

ဇင်ဘာဘွေနိုင်ငံနဲ့ ဇမ်ဘီယာ နိုင်ငံတို့အတွက် အဓိကလျှပ်စစ်ထုတ်ပေးနေတဲ့ ဆည်မှာလည်း မိုးခေါင်မှုကြောင့် အပြည့်အဝ မလည်ပတ်နိုင်ပါဘူး။ ၂၀၂၀ ပြည့် နှစ်မှာတော့ ၂၅ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

မိုးခေါင်မှုကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာလည်း ထိခိုက်ရပြန်ပါတယ်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် အာဖရိက တောင်ပိုင်းဒေသရဲ့ ငတ်မွတ်ခေါင်း ပါးမှုကို ပိုမိုဆိုးရွားလာစေတာကတော့ အမှန်ပါပဲ။ ။

 

ကိုးကား-အေအက်ဖ်ပီ

ခြူးစန္ဒီနွေး