၂၄ ဩဂုတ်

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) ကို သြဂုတ် ၂၆၊ ၂၇ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သလို ရာသီဝက်ချန်ပီယံအသင်းကိုပါ အဖြေထုတ်ပေးမည့် ပွဲဖြစ်သည်။

 

ပွဲစဉ် (၁၁)အဖြစ် သြဂုတ် ၂၆ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ ပဒုမ္မာကွင်း၌ Southern အသင်းနှင့် အားကာသိပ္ပံအသင်း သြဂုတ် ၂၇ ရက်တွင် YUSC ကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ စစ်ကိုင်းအသင်းနှင့် ဧရာဝတိအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ သြဂုတ် ၂၂၊ ၂၃ ရက်က ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်း အနိုင်ရခဲ့သောကြောင့် ရာသီဝက်ချန်ပီယံဆုကို နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်ပြီး ထိပ်ဆုံးမှ ဟံသာဝတိအသင်းနှင့် ဒုတိယနေရာမှ ဧရာဝတီအသင်းတို့ မျှော်လင့်ချက်ရှိနေခြင်း ဖြစ်သည်။ ထိပ်ဆုံးမှ ဟံသာဝတီအသင်းသည် တတိယနေရာမှ ရန်ကုန်အသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေပြီး ယခုရာသီတွင် ဟံသာဝတီအသင်းကို ဇယားထိပ်ဆုံးသို့ ပို့ဆောင်ပေးထားသည့် နည်းပြချုပ် ဦးမျိုးမင်းထွန်းအတွက် အသင်းဟောင်းကို ပထမဆုံးရင်ဆိုင်ရမည့် ပွဲလည်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ယခုပွဲအနိုင်ရပါက ဧရာဝတီပွဲရလဒ်ကို စောင့်စရာမလိုဘဲ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်သို့ တက်လှမ်းလာသည့် ရန်ကုန်အသင်းလည်း အခက်တွေ့စေနိုင်မည်ဖြစ်သည်။

 

ရန်ကုန်အသင်းသည် ဇယားထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ရန်နှင့် ချန်ပိယံလမ်းကြောင်းပေါ်တွင် ဆက်ရှိနေရန် ယခုပွဲကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်ပြီး ဟံသာဝတီနှင့် လေးမှတ်ကွာဟနေမှုကို ကျဉ်းမြောင်းနိုင်မည်ဖြစ်သည်။

 

ရှုံးပွဲကြုံတွေ့ခဲ့ပါက ခုနစ်မှတ်အထိ ကွာဟသွားနိုင်သောကြောင့် ရန်ကုန်အသင်းအတွက် မဖြစ်မနေ အမှတ်ရယူရမည့် ပွဲလည်းဖြစ်သည်။ ဧရာဝတီအသင်းမှာမူ ရာသီဝက်ချန်ပီယံအတွက် ဟံသာဝတီ၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်ပြီး နိုင်ပွဲပျောက်ဆုံးမှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။ သို့သော် အသင်းတိုင်းက ရာသီဝက်ချန်ပီယံထက် ရာသီကုန် ချန်ပီယံဖြစ်ရေးကို ရည်မှန်းထားခြင်းဖြစ်ပြီး လက်ကျန်ပွဲတိုင်း ရလဒ်ကောင်းရန် ကြိုးပမ်းဖွယ်ရှိနေသည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းမှာလည်း ပြီးခဲ့သည့်တစ်ပတ်က နိုင်ပွဲရခဲ့သောကြောင့် အဆင့် ၄ နေရာရောက်လာပြီး ချန်ပီယံဆု ကာကွယ်နိုင်ရန် ခြေစွမ်းပိုကောင်းရန် လိုအပ်သည့်အသင်းအဖြစ် အမှားခံ၍ မရတော့သည့် အနေအထားဖြစ်နေသည်။

 

ပွဲစဉ် (၁၀) အပြီးတွင် ဟံသာဝတီအသင်းက ၂၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ရမှတ် ၂၀၊ ရန်ကုန်အသင်းက ၁၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ ရခိုင်အသင်းက ၁၃ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ မှတ်၊ ရတနာပုံအသင်းက ခုနစ်မှတ်၊ မကွေးအသင်းက ခြောက်မှတ်၊ အားကာသိပ္ပံအသင်းက သုံးမှတ် Southern အသင်းက တစ်မှတ်ရထားသည်။ ယခုအမှတ်ပေးဇယားမှာ အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့၏ ပွဲရလဒ်များကို ပယ်ဖျက်ကာ ပြန်လည်ရေးဆွဲထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် MNL ပြိုင်ပွဲ လက်ကျန်ပွဲများကို တစ်လခွဲအတွင်း အပြီးကျင်းပနေပြီး နှစ်ရက်နား နှစ်ရက်ကစားပုံစံဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်