ရှားတော ၁၁ ဇွန်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်တွင် ထိုင်းနိုင်ငံမှ ထပ်မံဝင်ရောက်လာမည့် မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၃ ဦး ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် (Volunteer) စေတနာ့ဝန်ထမ်းများက သွားရောက်ကြိုဆိုလက်ခံခဲ့ရာ တာတမော့ဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိခဲ့သည်။
ထိုင်းနိုင်ငံမှ ထပ်မံဝင်ရောက်လာသော အမျိုးသား/အမျိုးသမီး စုစုပေါင်း ၁၃ ဦးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်သော မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်ဝင်းနှင့် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက တာတမော့ဂိတ်တွင် သွားရောက်ကြိုဆိုလက်ခံပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက လူဦးရေနှင့် ခရီးသွားရာဇဝင်များ စနစ်တကျ စိစစ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်ဖြင့် မွန်းလွဲ ၂ နာရီခွဲတွင် မြို့နယ်အားကစားရုံ Facility Quarantine Centre သို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းအောင်(ပြန်/ဆက်)


