ရှားတော ၁၁ ဇူလိုင်
ကယားပြည်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှားတောမြို့နယ်သို့ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှားတောမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရှားတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (၂)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ အဝင်/အထွက် အဆင်ပြေစေရေးအတွက် မြင့်တက်နေသည့်အပိုင်းအား နိမ့်ကျအောင် စနစ်တကျ ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ရှားတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးဝန်းအတွင်း၌ ဆောင်ရွက်လျက်ရှိသည့် (၆)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် ကြက်ဥ(၁၅၀)လုံး၊ အာဟာရမုန့်နှင့် ထောက်ပံ့ငွေကျပ် ၁ ဒသမ ၅ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှားတောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အဆောက်အအုံသစ် RC (၂)ထပ် တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး COVID ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှု နောက်ကျနေသဖြင့် လုပ်ငန်းများ အချိန်မီ အရည်အသွေး ပြည့်မီစွာပြီးစီးရေး လုပ်သားအင်အားတိုး၍ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းများ စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကာ ရုံးပြတင်းတံခါးများ ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးရန် တင်ပြချက်အရ ငွေကျပ် ၅ ဒသမ ၆ သန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် စုပေါင်းဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီ ပြီးစီးရေးစနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ရှားတောမြို့ပေါ်၌ တည်ထားကိုးကွယ်ခဲ့သည့် နှစ်ကျိပ်ရှစ်ဆူ ရှေးဟောင်းစေတီတော်မြတ်နှင့် ဆက်စပ်သည့် ဘုရားပရဝုဏ် ကွန်ကရစ် လျှောက်လမ်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ယင်းနောက် နှစ်ကျိပ်ရှစ်ဆူ စေတီတော်မြတ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ရှေးမူမပျက် ဆောင်ရွက်နိုင်ရန်အတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်အရ တင်လွယ်ဘုန်းတော်ကြီးကျောင်း အမိုးပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ် ၃၁ ဒသမ ၅၁ သိန်းနှင့် ရှားတောမြို့ အာစီခရစ်ယာန်ဘုရားကျောင်း ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၁၈ ဒသမ ၉ သိန်းတိတိအား ပေးအပ်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကယားပိုင်း၌ ရေကျော်ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း၊ ရှားတောမြို့အဝင်မှ အန္တရာယ်ကွေ့အထိ လမ်းတာချဲ့ခြင်းနှင့် လမ်းဘေးရေမြောင်းတူးခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လောကမာန်အောင် ရွှေဘုန်းပွင့် ကပ်ကျော် မြို့ဦးစေတီတော်ရှုရပ်မှ ရှားတောမြို့ မြင်ကွင်းအား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှားတောမြို့နယ်၊ သရီးဒါးကျေးရွာသို့ သွားရောက်ပြီး အ.ထ.က(သရီးဒါး) (၄)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာနှင့် RC တစ်ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ပညာရေးဌာန တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်အရ ကျောင်းအတွက် လိုအပ်လျက်ရှိသည့် ကွန်ပျူတာတင်ခုံ (၁၀)စုံနှင့် ကျောင်းဆောင် မီးသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၈ ဒသမ ၆၁ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် သရီးဒါးကျေးရွာ သွားလမ်းပေါ်ရှိ တံတားအထူးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးမီစွာဖြင့် အချိန်မီပြီးစီးအောင် အလေးထား ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှားတော (ပြန်/ဆက်)


