ရှားတော   ၉    နိုဝင်ဘာ 

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စလောင်းကျေးရွာ ခန်းမဆောင်တွင် တောင်သူများအား မြေဆွေးကို စနစ်တကျ ပြုလုပ်သုံးစွဲတတ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနက အီးအမ်ဘိုကာရှီမြေဆွေး နှင့် စူပါအီးအမ် ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်းအား တောင်သူနည်းပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲကို ပထမဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် (ဦးစီးအရာရှိ) က သီးနှံ အထွက်တိုးစေရန်တွက် သဘာဝမြေဆွေးပုံ အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း နှင့် စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်းကို အသိပညာပေးဟောပြောသည်။ ထို့နောက် ပြည်နယ်မြေအသုံးချတာဝန်ခံ ဒေါ်မာမာတင့် (လက်ထောက်ညွှန်ကြားရေးမှူး) က မြေဆီလွှာတိုးတက်ရေးနှင့် သီးနှံဖျက်ဆီးသော ပိုးမွားများ တားဆီးကာကွယ်ရေး အထောက်အကူပြု နည်းလမ်းများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ပြည်နယ်မြေအသုံးချရုံးမှ ဒုတိယဦးစီးမှူး ဦးဦးရယ်က အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း နှင့် စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲနည်းကို တောင်သူများ ပြုလုပ်သုံးစွဲတတ်စေရန် လက်တွေ့သရုပ်ပြ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်နယ် မြေအသုံးချတာဝန်ခံ ဒေါ်မာမာတင့် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် (ဦးစီးအရာရှိ) တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့သည်။

ယင်းအခမ်းအနားတွင် ကယားပြည်နယ် မြေအသုံးချတာဝန်ခံ ဒေါ်မာမာတင့် (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင် (ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဆန်းဝေဖြိုး၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဦးမြင့်နိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဦး၊ စလောင်းကျေးရွာမှ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)