၁၁ ဒီဇင်ဘာ
အယ်လ်ဘေးနီးယား ရဲတပ်ဖွဲ့က လူငယ်တစ်ဦးအား မှားယွင်းပစ်သတ်ခဲ့မိတဲ့အတွက် ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေ နှစ်ရက်တိတိ ဖြစ်ပွားပြီးနောက် ပြည်ထဲရေးဝန်ကြီး ဆန်ဒရာ လက်ရှာဂျီ က တာဝန်မှ နှုတ်ထွက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
အယ်ဘေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရန် ည ၁၀ နာရီ ညမထွက်ရ အမိန့်ကို ချိုးဖောက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကလိုဒီယန် ရာရှာ အား ရဲတပ်ဖွဲ့က အင်္ဂါနေ့ အစောပိုင်းက ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့နှစ်ရက်က ပြည်ထဲရေးဝန်ကြီးရုံးအား ကျောက်တုံးတွေနဲ့ ပစ်ခတ်သလို မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဖြိုခွဲရန် မျက်ရည်ယိုဗုံး၊ ရေပိုက်အသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ နှုတ်ထွက်လွှာကို လက်ခံရရှိကြောင်းနဲ့ တရားမျှတမှု ရရှိမယ်လို့ ဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ မနေ့က ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီး အပြောအရ ဆန္ဒပြသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ ရှစ်ဦး ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ စိုးရိမ်ရကြောင်းနဲ့ ဆန္ဒပြသူ နှစ်ဦးဟာလည်း အရေးပေါ်အခန်းမှာ ကုသမှု ခံယူနေရကြောင်း သိရပါတယ်။
လူဦးရေ ၂ ဒသမ ၈ သန်းကျော်နေထိုင်တဲ့ အယ်ဘေးနီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၄၆,၀၆၁ ဦးနဲ့ သေဆုံးသူ ၉၆၅ ဦးရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
