ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာ နယ်မြေများအလိုက် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ အလယ်တန်းကျောင်းခွဲတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့သည်။ 

 

ဟောပြောပွဲတွင် ကော့ဘိန်းနယ်မြေရဲစခန်းမှူး ရဲအုပ်သောင်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၆၅)ဦး တက်ရောက်ခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီမှ ၉ နာရီအထိ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ထန်းမနား ဦးစီးသည့် တပ်ဖွဲ့ဝင်များကလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ မြောင်းမြကျေးရွာတွင် ယင်းနေ့မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီထိ သာဝတ္တိနယ်မြေရဲစခန်းမှူး ဒုတိယရဲအုပ် စန်းယု ဦးစီးသည့် တပ်ဖွဲ့ဝင်များကလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ ငါးစိမ်းအင်းကျေးရွာတွင် ဒီဇင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ ကျည်တောင်ကန်နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်မင်းထူး ဦးစီးသည့် တပ်ဖွဲ့ဝင်များကလည်းကောင်း မှုခင်းကျဆင်းရေးအသိ ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

 

ရဲပြန်ကြား