မန္တလေး ၂၅ ဇန်နဝါရီ
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၂)တွင် ပျောက်သွားသည့် အသက်(၈)နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး ပြင်စာကျေးရွာအနီးတွင် စွန့်ပစ်ခဲ့သူအား အခုလ ၂၄ ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ပြည်ကြီးတံခွန် မြို့နယ်(၄၈)လမ်း မက္ခရာလမ်းနှင့် တပင်ရွှေထီး လမ်းကြားတွင် လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်း cctv မှတ်တမ်းအရ မသင်္ကာစရာ တွေ့ရှိရသဖြင့် ဖခင်ဖြစ်သူ ဦးသန့်ဇင်ဦးမှ စက်မှုနယ်မြေရဲစခန်း၌ ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက်က လူပျောက်တိုင်တန်းခဲ့သည်။ အဆိုပါကလေးငယ်အား မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်း၊ ပြင်စာကျေးရွာအနီးတောစပ်တွင် အဓမ္မပြုကျင့်ခံရဖွယ်ရှိသည့် လက္ခဏာနှင့် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
"ပြစ်မှုကျူးလွန်သူကို မနေ့ည ၈ နာရီက မိတာပါ။ မှုခင်းနှိမ်နင်းရေး အဖွဲ့ကနေ ရှမ်းပြည်နယ် ရပ်စောက်မှာ ဖမ်းဆီးရမိပါတယ်။ အခုမန္တလေးကို ခေါ်လာပါပြီ'' ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောသည်။
ကျူးလွန်သူဟု ယူဆရသူ သီဟနိုင်(ခ) အသေးလေး အသက်(၂၉)နှစ်အား ပြင်စာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ထွက်ပြေးတိမ်ရှောင်နေစဉ် ကာလအတွင်း ပုဂံ၊ မကွေးနှင့် ချောက်မြို့တို့တွင် ဆိုင်ကယ်ခိုးမှုများ ကျုးလွန်ခဲ့ကြောင်းလည်း သိရသည်။
မုဒိမ်းမှုကျူးလွန်ခံရသည့် ကလေးအား ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ယခုအခါ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo မြန်မာနိုင်ငံရဲတပ်ဖွဲ့