သျှင်ဝင်းသျှင်၊ ဓာတ်ပုံ - ကိုဂျိမ်း(ဒလ)
ကောင်းကင်ယံတွင် မိုးသားများမြင်လာရလျှင် ဒလမြို့နယ်သူ မြို့နယ်သားများ မိုးပေါ်ကိုကြည့်၍ “မိုးရယ် ရွာလိုက်ပါတော့” ဟု ဆုတောင်းနေကြသည်။
မိုးမင်းကလည်း သည်နှစ်မှ ဈေးကိုင်လွန်းရော့ သလားမသိ။ နောက်ကျလွန်းလှသည်။ တစ်ခါ တစ်ခါ ပေါ်လာတတ်သော မိုးသားများက ဝမ်းသာလို့မှမဆုံးခင် လေတိုက်ရာ မျက်နှာလိုက်ကြ လွင့်ပါသွားတတ်ကြသည်။ ဒလမြို့သူ မြို့သား များကို လက်ပြနှုတ်ဆက်သွားသယောင်ယောင်...။
စံချိန်တင်အပူဒဏ်ကို အခြားသောမြို့နယ်များနှင့်အတူ ဒလမြို့နယ်သူ မြို့နယ်သားများက ခံစားနေရသည်။ သို့သော် အခြားမြို့နယ်များထက် ပို၍ဆိုးသည်ကား အခြားသောမြို့နယ်များက ရေအတွက် မပူပင်ရပေ။ အဝီစိတွင်းရေ၊ ချိုးဖြူရေကို ဖောဖောသီသီ သုံးနိုင်ကြ၍ အပူဒဏ်ကို အထိုက်အလျောက် ဖြေလျှော့နိုင်ကြ သေးသည်။
ကန်ရေများ ခန်းခြောက်လာ
မေလ တတိယပတ်ရောက်သည့်တိုင် မိုးကား ဟန်တပြပြသာ။ သို့အတွက် ကန်ရေများ ခန်းခြောက်လာခဲ့ပြီဖြစ်သည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရေကန်ထိန်းသိမ်းရေး ကော်မတီများက အချိန်သတ်မှတ်ခပ်ယူရန် စီစဉ်မှုများ ပြုလုပ်ခဲ့ရသည်။ ခပ်ယူ၍ရသော ရေကား အနည်အနှစ်အမှုန်တို့ ရောပါလာပြီ ဖြစ်သည်။
ကန်ရေကိုသာလျှင် အဓိကအားထားရှင်သန် နေရသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့ပေါ်ရပ်ကွက် တွင် ရေကန် ၁၂၄ ကန်၊ ကျေးရွာများ၌ ရေကန် ၂၀၅ ကန် ရှိသည်ဟု သိရသည်။ မြို့နယ်စည်ပင် သာယာရေးနှင့် သန့်ရှင်းရေးဌာနက တွံတေး မြို့နယ် ရန်ကုန်ပေါက်ကျေးရွာမှ ရေကို ပိုက်လိုင်းများဖြင့် သွယ်ယူ၍ မြို့ပေါ်ရှိ အိမ်ခြေ ၁၅၀ဝ ကျော် မျှသာ ပေးဝေနိုင်သေးသည်။ သို့သော် ရေအရည်အသွေးက နိမ့်သည်ဟု ဆိုကြသည်။
ရန်ကုန်နှင့် ဒလမြစ်ကလေးတစ်စင်းသာ ခြားသော်လည်း ရေဒုက္ခကား ကြီးမားလှသည်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ရေကောင်းရေသန့်များ ရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် အတတ်ပညာရှင်များက ကြိုးစား စမ်းသပ်တူးဖော်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန်များကို ယုံကြည်သောသူအချို့က ဆိုကြသည်။ “ရေ အတွက် ကျိန်စာများသင့်နေသလော” ဟု ။
ဒလမြို့နယ်တွင် မြို့ပေါ် ၂၄ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၃ စု၊ ကျေးရွာပေါင်း ၅၄ ရွာ၊ အိမ်ခြေပေါင်း ၃၇၀ဝ၀ ကျော်၊ အိမ်ထောင်စုပေါင်း ၃၉၀ဝ၀ ကျော်၊ လူဦးရေပေါင်း ၁၆၂၀ဝ၀ ကျော် အခြေချနေထိုင် လျက်ရှိသည်ဟု သိရသည်။ မြို့နယ်စည်ပင်သာယာရေး ရေသန့်ဌာနက ကြိုးပမ်းစွမ်းဆောင်မှုကြောင့် သန့်စင်ပြီးရေ တစ်နေ့တွင် ဂါလန် ၅၀ဝ၀ ကို အခမဲ့ဖြန့်ဝေပေး နိုင်သော်လည်း မြို့နယ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာသာ ရှိနေသေးသည်ကို တွေ့ရသည်။
စေတနာရှင်များက ရေအလှူဒါနပြု
ရေအတွက် အခက်ဝေနေသော ဒလမြို့နယ်သူ မြို့နယ်သားများအတွက် မြန်မာ့တပ်မတော် ဧရာဝတီရေတပ်စခန်းမှ တပ်မတော်သားများကလည်းကောင်း၊ စေတနာရှင် အလှူရှင်များက လည်းကောင်း၊ အများအကျိုးကို သယ်ပိုးလိုသည့် ပရဟိတအဖွဲ့များကလည်းကောင်း မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့နယ်စည်ပင်ကော်မတီဝင်များနှင့် ချိတ်ဆက်ကာ ရေဒါနများပြုကြခြင်းအပြင် ရေကန် တူးဖော်ရေးအတွက် မတည်အလှူငွေများ ထည့်ဝင်ခြင်းဖြင့် ပါဝင်ကုသိုလ်ပြုနေကြသည်မှာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုဖွယ်ရာပင် ဖြစ်ပါသည်။
လေ့လာရေးထွက်စဉ်အတွင်း ကြားခဲ့ရသော သတင်းတစ်ခုမှာ ဝမ်းသာစရာကောင်းလှသည်။ ဒလမြို့နယ် ဇာတိဖြစ်သူ အမျိုးသမီးတစ်ဦးက ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသတွင် ကျန်းမာရေးနှင့် ညီညွတ်သော သောက်သုံးရေဖြန့်ဖြူးရောင်းချခြင်းကို မြို့တော်စည်ပင်သာယာရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ကြောင်း ဒေသခံ သတင်းထောက် ဦးထွန်းလှ ထံမှ ကြားသိလာရသည်။ AG Resources Myanmar Co,Ltd မှ တာဝန်ရှိသူတစ်ဦးက စက်ယန္တရားများ၊ ဆက်စပ်ပစ္စည်းများ၊ ပညာရှင်၊ ရေမီတာနှင့် ရေပိုက်များကို တာဝန်ယူဆောင်ရွက် ပေးသွားမည်ဟု သိရသည်။
မြေလှူဒါန်းသော်လည်း ကြန့်ကြာမှုများရှိနေ
လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် တွန်းလင်းချောင်းကွင်း ရွှေလှေချောင်း (တွံတေးမြို့နယ်) ရှိ မြေ ၅ ဒသမ ၂၉ ဧကကို ဝယ်ယူထားပြီး ထိုမြေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံ ကုမ္ပဏီက လုပ်ငန်းစဉ်အတိုင်း စွန့်လွှတ်လှူဒါန်းကာ ၎င်းဌာနကတစ်ဆင့် မြေကို ပြန်ငှားရမည်ဖြစ်သဖြင့် လိုအပ်သော ဆောင်ရွက်မှုများလည်း ပြုလုပ်ထားပြီဟု ဒေသခံများနှင့် သက်ဆိုင်ရာဌာနတို့မှ ကြားသိရသည်။ သို့သော် မည်သို့သော လိုအပ်မှုများရှိနေသည်ကို မသိ ကြန့်ကြာနေခဲ့သည်မှာ အမှန်ပင်ဟု ဆိုကြသည်။
၂၀၁၈ ခုနှစ် မတ် ၃ ရက်က AG သောက်ရေသန့် (ယာယီ) စက်ရုံတည်ရှိရာ ဆာပါချောင်၌ စက်ရုံဖွင့်ပွဲကျင်းပရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “မကြာမီကုမ္ပဏီမြေနေရာရ၍ စက်ရုံကြီး တည်ဆောက်ပြီးပါက ခြောက်လအတွင်း ဒလနေ ပြည်သူများ နေအိမ်ရှေ့သို့အရောက် သောက်ရေ သန့်များ ရရှိတော့မည်” ဟု ဆိုထားသည့်အတွက် မြို့နယ်သူ မြို့နယ်သားများအတွက် ရွှေထုပ် ကောက်ရသည်ထက်ပင် ဝမ်းသာမှုများ ရှိခဲ့ကြသည်။
ရေအတွက် အချိန်ပေးတန်းစီနေရ
ဒလမြို့နယ်အတွင်း သောက်ရေသန့်ဘူးကြီး တစ်ဘူးလျှင် ငွေကျပ် ၅၀ဝ-၆၀ဝ အထိ ဝယ်ယူနေ ကြရပြီး တစ်လီတာဝင် ဘူးတစ်ဘူးလျှင် ငွေကျပ် ၃၀ဝ မှ ၄၀ဝ အထိပေး၍ သောက်သုံးနေကြရသည် ဟု ဆိုကြသည်။ ထို့အပြင် ကန်မှရသော ရေကိုပင် ကန်နှင့်အနီးအဝေးကို မူတည်၍ တစ်ထမ်း ကျပ် ၁၅၀ မှ ၂၀ဝ ပေးရသည်။ သို့တိုင်ရေတစ်ထမ်း ရရှိရေးအတွက် တန်းစီ အချိန်ပေးရခြင်းအတွက် ငွေပေးသော်လည်း ရေကို လိုသလောက်မရဟု ဆိုကြသည်။
ရေပေးဝေရာတွင် အိမ်ရှေ့အရောက်စနစ်ဖြစ်ပြီး သွယ်တန်းသော ရေပိုက်လိုင်းများ၊ ရေမီတာများ တပ်ဆင်မှုမှာ အခမဲ့ဟု သိရသည်။ ရေဖြန့်ဝေရာတွင်လည်း ရေလီတာ ၁၀ဝ၀၊ ခြောက်ထမ်းဆံ့ ရေတိုင်ကီ ငါးလုံးစာ ရေအထမ်းပေါင်း ၆၀ ဆိုမှ ငွေကျပ် ၈၅၀ သာ ကျသင့်မည်ဟု ဒေသခံတစ်ဦး ၏ ပြောပြချက်အရ သိရ၍ ဒေသအတွက် ရေရရှိမှုမှာ အချိန်နှင့် ငွေသက်သာမည့်အပြင် ကျန်းမာရေး အတွက်ပါ အထောက်အပံ့အဖြစ် စိတ်ချယုံကြည်မှုများ ရရှိလာတော့မည်ဖြစ်သည်။
သို့သော် အထက်က ဆိုခဲ့ပမာ ရွာမယောင် ဟန်ပြင်နေသော ကောင်းကင်ထက်က မိုးသားများ လေနှင့် လွင့်မျောသွားမည်ကို ဒေသခံများက စိုးရိမ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့်နက်နေသော ဆောင်ရွက်မှုများအားလုံး အဆင်ပြေ ချောမွေ့ပါစေကြောင်း ဆုတောင်းလျက် ဒလ မြို့နယ်သူ မြို့နယ်သားများအတွက် ကောင်းမွန်သော ရေ၊ သန့်ရှင်းသောရေ၊ ကျန်းမာရေးနှင့် ညီညွတ်သော ရေသာလျှင် အဓိက လိုအပ်လျက်ရှိ နေပါကြောင်း ဖော်ပြရေးသားလိုက်ရပါသည်။
မြန်မာ့အလင်း