နေပြည်တော်  ၂၆   စက်တင်ဘာ

 

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင် ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှုအပေါ် ကုမ္ပဏီမှ လုပ်ငန်း ပြီးစီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့၍ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး (Delay Damages) တန်ဖိုး Euro(225, 930 ဒသမ 69) အား တောင်းခံရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်းနှင့် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ်နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြားငွေတောင်းခံ သဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိ လိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် သည် ၎င်းစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနှင့်စပ်လျဉ်း၍ မူလကမ်းလှမ်း သော ဈေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခအဖြစ်လည်း ကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတို့တွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 

 

သတင်းစဉ်