နေပြည်တော် ၂၇ စက်တင်ဘာ
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Under-ground Works လုပ်ငန်းများအတွက် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်းငါးပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှုအပေါ် ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့၍ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး (Delay Damages) တန်ဖိုး ယူရို (၂၂၅၉၃၀ ဒသမ ၆၉) အား တောင်းခံရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးထိခိုက်နစ်နာ ဆုံးရှုံးမှုများဖြစ်စေခဲ့ကြောင်းနှင့် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအား လျှပ်စစ်စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ်နေ့စား အလုပ်သမားဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြားငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် ၇၁၅သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအားလျှပ်စစ်ဒီဇိုင်းများနှင့် စပ်လျဉ်း၍ မူလကမ်းလှမ်းသော ဈေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခ အဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်း အတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ် အတွက် ခရီးစရိတ်ငွေအဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ်သိန်း ၃၁၀ ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတို့တွင် ယမန်နေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်


