လင်းလင်း
လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုပြည့် ၊ အင်းစိန်နဲ့ လှိုင်သာယာဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတား အဆင်းအနီး ဖုန်းအလုခံလိုက်ရပါတယ်။ စက်ရုံက အချိန်ပိုဆင်းပြီးအပြန် ည ၉ နာရီဝန်းကျင်မှာဖြစ်ပါတယ်။ ညအချိန်မှောင်နေတာကြောင့် ဆန့်ကျင်ဘက်အရပ်က လူနှစ်ဦးလာတာကိုသာ မြင်လိုက်ရပြီး မျက်နှာကိုလည်း သဲသဲကွဲကွဲမမှတ်မိလိုက်ပါဘူး။
စက်ဘီးနင်းလာတာကို တစ်ဦးက စက်ဘီးလက်ရန်းကို ဖမ်းဆွဲလိုက်ပြီး ဟန်ချက်ပျက်သွားစဉ်မှာ နောက်တစ်ဦးက လက်ထဲကဖုန်းကို ဆွဲလုလိုက်တာကြောင့် စက်ဘီးလဲသွားပါတယ်။ အင်အားချင်းလည်း မမျှတာကြောင့် ဖုန်းကို ဘာလို့ယူသွားတာလဲလို့ အော်ချိန်သာရလိုက်ပြီး လုတဲ့သူ နှစ်ဦးက ကြိုးတံတားဘက်ကို ပြေးသွားပေမယ့် မလိုက်ရဲပါဘူး။
“မီးလာရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ အခုက မီးလည်းပျက်နေတယ်။ မှောင်နေတော့ မကောင်းမှု ပြုတဲ့သူတွေအတွက် အခွင့်အရေးရတာပေါ့။ လူကို အန္တရာယ်မပြုသွားတာ ကံကောင်းလို့ ကိုပြည့်ရဲ့ အမေက မှတ်ချက်ပြုပြီး ကိုပြည့်ကတော့ ဘယ်လောက်ပဲရရ နောက်ရက်တွေမှာ အချိန်ပို မဆင်းတော့ဘူး”လို့ ဆိုပါတယ်။ ရန်ကုန်မြို့ရဲ့ ရပ်ကွက်အချို့မှာ ညအချိန်လျှပ်စစ်မီးမလာလို့ ဖုန်းမီးရောင်ကို အားကိုး သွားလာနေကြရပါတယ်။ ဒီလိုအခြေအနေက မကောင်းမှုပြုလိုသူတွေ၊ သူခိုးနဲ့ ဒုစရိုက်သမားတွေအတွက်တော့ ခိုးဆိုးလုနှိုက်ဖို့ အခွင့်အရေးဖြစ်နေပါတယ်။ ရန်ကုန်သာမက မန္တလေးမြို့အပါအဝင် မြို့ကြီးတွေ၊ အခြားနေရာတွေမှာလည်း ညအမှောင်က ဒုစရိုက်သမားတွေ အတွက် မကောင်းမှုပြုဖို့ အခွင့်အရေးရနေပြီး ခိုးမှု၊ လုယက်မှုတွေသာမက လူသတ်သည်အထိ မကြောက်မလန့် ဥပဒေကို ချိုးဖောက်လာကြပါတယ်။ “ညဘက်အပြင်ထွက်ရင် သတိထားသွား လာကြပါ။ လုယက်မှုတွေအထိပါ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာကြပါတယ်။ လုယက်တဲ့ သူတွေက ပစ္စည်းယူရုံတင်မကပါဘူး။ လူကိုပါ အန္တရာယ် ပြုလာကြပါတယ်။ ကျွန်တော်ကိုယ်တွေ့ပါ။ ခေါင်းကို အသေရိုက်တာပါ။ ကံကောင်းလို့ မသေတာ၊ ဆိုင်ကယ်တော့ပါသွားတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
ညဘက်တွေမှာ မဖြစ်မနေသွားလာနေရတဲ့ ကိုပြည့်တို့လို လူတွေအတွက် လျှပ်စစ်လိုအပ်ချက်ရဲ့ ဒဏ်ကိုခံစားနေကြရပါတယ်။ လမ်းမီးရောင်များ လင်းထိန်နေခြင်းက စိုးရိမ်ထိတ်လန့်မှုတွေက ကင်းဝေးစေပြီး စိတ်လုံခြုံမှုကို ခံစားရစေပါတယ်။ မီးတွေလင်းထိန်နေရင် အမှောင်ထုကို အခွင့်ကောင်းယူပြီး လှုပ်ရှားနေကြတဲ့ ဒုစရိုက်သမားတွေ၊ မကောင်းမှုပြုလိုသူတွေကို ဥပဒေချိုးဖောက်ဖို့ ဟန့်တားရာလည်း ရောက်ပါတယ်။ အလင်းရောင်အောက်မှာ သူတို့ရဲ့လှုပ်ရှားမှုကို အလွယ်တကူ မြင်တွေ့နိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေး လျော့နည်းသွားစေပါတယ်။
ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ကဏ္ဍတွေမှာ အခြေခံ အဆောက်အဦဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးက အဓိကကျပါတယ်။ လျှပ်စစ်မီးရရှိမှ စက်ရုံတွေ ရာနှုန်းပြည့် လည်ပတ်နိုင်ပြီး ကုန်ထုတ်စွမ်းအားတိုးတက်မှာ ဖြစ်သလို ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ၊ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအထိပါ ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့ပြလူနေမှု စနစ်နဲ့အတူ လျှပ်စစ်ပစ္စည်းတွေက ဈေးကွက်အတွင်း တစ်နေ့ထက်တစ်နေ့ ဆန်းသစ်တီထွင် ထုတ်လုပ်လာကြပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက စွမ်းအင်ထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်ကာ လိုအပ်ချက် ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ အိမ်တွေ၊ လမ်းတွေ ရာနှုန်းပြည့်လင်းဖို့၊ စက်ရုံအလုပ်ရုံတွေရဲ့ ကုန်ထုတ်စွမ်းအားအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ဝစွာပေးနိုင်ဖို့က စိန်ခေါ်မှု အသွင်ဖြစ်လာပါတယ်။ လျှစ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေဖို့ ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်က အသိပေးတိုက်တွန်း နှိုးဆော်နေပါတယ်။ ချွေတာရေးနည်းလမ်းတွေအပြင် အခြားတစ်ဖက်ကလည်း လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ဖို့ ရေတိုရေရှည်နည်းလမ်းတွေကို စဉ်းစားဆောင်ရွက်လာကြရပါတယ်။
ကမ္ဘာ့နိုင်ငံအများစုမှာ လျှပ်စစ်ဓာတ်အားကို နျူကလီးယား၊ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာ၊ ဒီရေ၊ ဘူမိအပူစွမ်းအင်နှင့် အခြားစွန့်ပစ် ပစ္စည်းတွေ စတဲ့အရင်းအမြစ်တွေက စီမံခန့်ခွဲ ထုတ်ယူသုံးစွဲနေပါတယ်။ နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အားနည်းချက်၊ အားသာချက်တွေက မတူညီနိုင်တဲ့အတွက် သင့်လျော်သလို မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် အရင်းအမြစ်တွေကို အသုံးပြုထုတ်လုပ်ကြရပါတယ်။
ဘယ်လိုအရင်းအမြစ်က ထုတ်ယူသည်ဖြစ်စေ အကောင်းနဲ့အဆိုးကတော့ ဒွန်တွဲတည်ရှိနေပါတယ်။ ကောင်းကျိုးသာရပြီး ဆိုးကျိုးလုံးဝမရှိတဲ့ လျှပ်စစ်ထုတ်လုပ်မှုဟူ၍ မရှိနိုင်ပါ။ သို့သော် စွမ်းအင်ဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ချိန်ထိုးတွက်ဆရပြီး နည်းပညာဆိုင်ရာ ခေတ်မီတိုးတက်လာတဲ့အတွက် ကောင်းကျိုးများဖို့၊ ဆိုးကျိုးနည်းနိုင်သမျှနည်းဖို့ စဉ်းစားဆောင်ရွက်ကြရပါတယ်။
မြစ်ချောင်းတွေ၊ တောင်ကုန်းဒေသတွေနဲ့ မိုးရေချိန်များပြားမှုတို့က ရေအားလျှပ်စစ်စီမံကိန်း အတွက် သဘာဝက ဖန်တီးပေးထားတဲ့ အားသာချက်တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၄ ခုမြောက် ရေအားလျှပ်စစ် အရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။
ဒီလိုအားသာချက်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ဖို့ စီမံဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်စွမ်းအင်ကို ထိရောက်စွာ အသုံးချနိုင်မယ်ဆိုရင် နိုင်ငံရဲ့ အခုလက်ရှိရင်ဆိုင် နေရတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ ရရှိဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အဓိကရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်း မြစ်တို့ တည်ရှိနေပါတယ်။ ရေအားလျှပ်စစ်က ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ စွမ်းအင် ထုတ်လုပ်နိုင်ရေး နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မူလကတည်ဆောက်ဖို့ လျာထားစာချုပ်ချုပ်ဆိုခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ဆက်လက်ဆောင်ရွက်ဖို့ ကြန့်ကြာနေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေရှိနေပါတယ်။ ၂၀၀၅ ခုနှစ်က တိုင်းတာစစ်ဆေး တွေ့ရှိချက်တွေအရ ရေအားအရင်းအမြစ်မှ ၄၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ် နိုင်ဖို့ မျှော်မှန်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ခုနစ်ရာခိုင်နှုန်း ကျော်ခန့်ကိုသာ လက်ရှိထုတ်လုပ်နေတာ တွေ့ရပါတယ်။
လေ့လာမိသလောက်က ချင်းတွင်းမြစ်ပေါ်မှာ တည်ဆောက်မယ့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း၊ ထမံသီရေအားလျှပ်စစ်စီမံကိန်း၊ သံလွင်မြစ်ပေါ်မှာ တာဆန်းရေအားလျှပ်စစ်စီမံကိန်းနဲ့ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တွေဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကနေ ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာမှာ တည်ရှိတဲ့ ဧရာဝတီမြစ်ဖျားဒေသ ရေအားလျှပ်စစ်စီမံကိန်းကြီးက အနာဂတ်တိုးတက်လာမယ့် လူဦးရေနဲ့အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းနေနိုင်မယ့် စီမံကိန်းတစ်ခုအဖြစ် သုံးသပ်မိပါတယ်။
ဧရာဝတီမြစ်စတင်မြစ်ဖျားခံရာ အင်မိုင်ခ(မေခ)နဲ့ မလိခတို့ပေါင်းဆုံရာနေရာနဲ့ မြစ်လက်တက်တွေ ပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်)ခုနစ်ခုနဲ့ ဆည်ခုနစ်ခု တည်ဆောက်ရေးအတွက် လျှပ်စစ်ဓာတ်အား အထောက်အပံ့ပေးဖို့ တည်ဆောက်ထား ပြီးဖြစ်တဲ့ ၉၉ မဂ္ဂါဝပ်ထွက်ရှိတဲ့ ချီဖွေငယ်ဆည် အပါအဝင် ရှစ်ခုကို တရုတ်နိုင်ငံက တည်ဆောက် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
စုစုပေါင်းအမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း- CPI (ယခု State Power Investment Corporation–SPIC)၊ မြန်မာနိုင်ငံအစိုးရနဲ့ Asia World ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သွားဖို့ စီမံဆောင်ရွက် ထားတာဖြစ်ပါတယ်။ စီမံကိန်းအကြီးဆုံးက မဂ္ဂါဝပ် ၆၀၀၀၊ လိုင်ဇာ(မလိယန်)စီမံကိန်းက မဂ္ဂါဝပ် ၂၈၀၀၊ ချီဖွေစီမံကိန်းက မဂ္ဂါဝပ် ၃၄၀၀၊ အူဆောက် စီမံကိန်းက မဂ္ဂါဝပ် ၂၅၀၀၊ ဖီဆော်စီမံကိန်းက မဂ္ဂါဝပ်၂၄၀၀၊ ခေါင်လန်ဖူးစီမံကိန်းက မဂ္ဂါဝပ် ၃၀၀၀ ၊ ရီနန်စီမံကိန်းက မဂ္ဂါဝပ် ၁၄၀၀ စုစုပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်နှစ်သောင်းကျော် ထုတ်လုပ် နိုင်မယ်လို့ SPIC က ဖော်ပြထားပါတယ်။
ဒီလိုစီမံကိန်းတွေသာ အကောင်အထည်ပေါ်လာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတို့အတွက် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့်မီးလင်းစေဖို့ မျှော်မှန်းနိုင်ပြီဖြစ်ပါတယ်။ အနာဂတ်မှာ ရေအား လျှပ်စစ်အရင်းအမြစ်တွေကိုအခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတဲ့စွမ်းအင်ကဏ္ဍ ကို တည်ဆောက်နိုင်ပါပြီ။ ဝန်ထမ်းတွေ ညဘက် အိမ်အပြန် နောက်ကျတာပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စ ရှိလို့ မဖြစ်မနေ သွားလာရတာပဲဖြစ်ဖြစ် ညအမှောင်ကြောင့် စိုးရိမ်စိတ်နဲ့သွားလာနေရတဲ့ အခြေအနေ က လွန်မြောက်နိုင်ပါပြီ။
နည်းပညာမြင့်မားလာမှုရဲ့ အထောက်အကူတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ စံနှုန်းတွေ၊ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ်အပါအဝင် ရေသယံဇာတပျက်စီးဆုံးရှုံး နိုင်မှု၊ ရေရှည်တည်တံ့ရေးအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေတွေကို စဉ်းစားတွက်ချက်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ ဆက်လက်တည်တံ့ဖို့ အကြောင်းပြချက်နဲ့ တွေဝေ၊ တွန့်ဆုတ်နေဖို့ မသင့်တော့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားခဲ့ရတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ဓာတ်အားမလုံမလောက်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းဖြစ်တာကို ပြည်သူတွေ သိမြင်နားလည်ပြီး အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူလူထုအကျိုးဖြစ်ထွန်းစေဖို့ အမှောင်ခွင်းလို့ အလင်းဆောင်ကြပါစို့လို့ ဆန္ဒပြုလိုပါတယ်။ ။


