ရော်ဘာအရည်အသွေးမြှင့် သန့်စင်သော FORMIC ACID ကို စျေးသက်သာစွာ ၀ယ်ယူခွင့်ရရေး ပြည်နယ်အစိုးရ ညှိနှိုင်းပေးမည်

mdn

မော်လမြိုင်  ၁၀  စက်တင်ဘာ 

 

 ရော်ဘာတောင်သူများအတွက် ရော်ဘာအရည်အသွေးမြှင့်သန့်စင်ရာတွင် အဓိကလိုအပ်သော Formic Acid ကို စျေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် ပြည်နယ်အစိုးရက ၀ယ်သူနှင့်ရောင်းသူများ အကြား ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

ပြီးခဲ့သည့်နှစ်များက Formic Acid 25 kg တစ်ပုံးလျှင် ငွေကျပ် ရှစ်သောင်းကျော်ထိ ပေါက်စျေးရှိခဲ့ရာ ယခုနှစ်အတွက် ပြည်နယ်အစိုးရ၏ တောင်းဆိုချက်အရ ရော်ဘာအ၀ယ်ဒိုင်ကုမ္ပဏီအချို့က တစ်ပုံးလျှင်  လေးသောင်းတစ်ထောင်ကျပ်စျေးမှ အများဆုံး ငါးသောင်းကျပ်ထိသာ ရောင်းချပေးနိုင်အောင်  ကူညီပေးမည်ဟု သိရသည်။

 

ရော်ဘာသန့်စင်ရာတွင် Formic Acid သည် အဓိကလိုအပ်ပြီး ၄င်းကို စျေးနှုန်းသက်သက်သာသာ ၀ယ်ယူခွင့် ရရှိပါက ရော်ဘာတောင်သူများအတွက် ကုန်ကျစရိတ် အနည်းအကျဉ်းဖြင့် ပိုမိုကောင်းမွန်သော ရော်ဘာကုန်ကြမ်းများကို ထုတ်လုပ်နိုင်ကြမည်ဖြစ်ရာ ရော်ဘာစိုက်တောင်သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၀ ရက်က ပြုလုပ်သော ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အဖွဲ့ဉက္ကဋ္ဌ ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ၀န်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

 

Formic Acid ရောင်းချဖြန့်ဖြူးရာတွင်လည်း ရော်ဘာကုန်ကြမ်း အ၀ယ်ဒိုင်များမှသည် မြို့နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းများ၊ လက်လီဆိုင်များအထိ တစ်သမတ်တည်း စျေးနှုန်းများဖြင့် ဖြန့်ပေးနိုင်ရန်လည်း ဆောင်ရွက်ပေးသွားမည်ဟု ပြည်နယ်၀န်ကြီးကပြောသည်။

 

အိမ်နီးချင်းတရုတ်နိုင်ငံမှ ၀ယ်လိုအားကိုသာ မှီခိုနေရသော မြန်မာရော်ဘာစျေးကွက်သည် ကမ္ဘာ့စျေးကွက်ထိ ထိုးဖောက်နိုင်ရန်အတွက် အရည်အသွေးကောင်းမွန်ရန် အထူးလိုအပ်လျှက်ရှိပြီး လက်ရှိ အနေအထားတွင် သန့်စင်မှုအားနည်းချက်ကြောင့် စျေးကောင်းမရဘဲ အကျိုးအမြတ်များ နည်းလျှက်ရှိသည်ဟု ရော်ဘာလုပ်ငန်းရှင် အချို့ထံမှ သိရသည်။

 

ရော်ဘာစိုက်တောင်သူများအနေဖြင့် သန့်စင်သော ရော်ဘာကုန်ကြမ်းများကို ထုတ်လုပ်နိုင်ရုံသာမက ပြည်တွင်းမှာပင် ကုန်ကြမ်းတင်သွင်းနိုင်သော ရော်ဘာကုန်ချောထုတ် စက်ရုံများဖွံ့ဖြိုးနိုင်ရန်အထိ မျှော်လင့်ထားကြသည်ဟု ဆိုကြသည်။

 

 

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ငါးသိန်းနီးပါးရှိပြီး ရော်ဘာကုန်ကြမ်းတန်ချိန် တစ်သိန်း တစ်သောင်း ကျော်ထွက်ရှိရာ ရော်ဘာသန့်စင်ခြင်းအတွက် Formic Acid  25 kg ၀င်ပုံး ၂၂၀၀၀ ၊ တန်အားဖြင့် ၅၅၀ တန်ခန့်  လိုအပ်လျှက်ရှိသည်ဟု သိရသည်။

 

မြတ်မွန်ထွေး
ဓာတ်ပုံ ကျော်စိုး