ဗန်းမော် ၁၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ရော်ဘာစိုက်တောင်သူများအား ရွက်ခြောက်၊ ရွက်ကြွရောဂါ ကာကွယ်ရေးအကြောင်း ပညာပေးဆွေးနွေးခြင်းကို ဗန်းမော်ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနရုံးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစန်းနှင့် ဒုဉီးစီးမှူးဒေါ်သူဇာနွယ်၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆန်းမြင့်လွင်နှင့် ရောဂါပိုးမွှားကာကွယ်ရေး တာဝန်ခံ ဒေါ်ဝေဝေတို့က ရော်ဘာရွက်ခြောက်၊ ရွက်ကြွရောဂါ ကျရောက်ခြင်းမှ ကာကွယ်ကုသနည်းများကို ပို့ချပညာပေး ဆွေးနွေးခဲ့ကြသည်။
“ဒီရောဂါဟာ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ဆိုးရွားစွာ ကြုံတွေ့နေရပါတယ်။ မြန်မာပြည်မှာတော့ မတွေ့ရသေးပါဘူး။ အခုလို ပညာပေးဆွေးနွေးခြင်းအားဖြင့် ဒီရောဂါကို တောင်သူတွေ ကြိုတင်ကာကွယ်နိုင်စေရေးကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ဗန်းမော်ခရိုင်ဦးစီးမှူး ဦးညီညီက ပြောသည်။
အဆိုပါပညာပေးဆွေးနွေးပွဲသို့ ခရိုင်ဦးစီးမှူး ဉီးညီညီနှင့်အတူ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ ခရိုင်အတွင်းရှိ ရော်ဘာစိုက် တောင်သူများ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့သည်။
ငွေအိုး (ကသာ)