ကော့ကရိတ် ၆ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်က ရော်ဘာပင်များတွင် ရွက်ကြွေရောဂါဖြစ်စေသည့် မှိုရောဂါဆိုင်ရာပညာပေး သင်တန်းကျင်းပရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူလေထီး မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရော်ဘာသီးနှံ ပိုးမွှားရောဂါကျွမ်းကျင်ပညာရှင်များ ဖြစ်သည့် PCRD(မော်လမြိုင်)မှ ဆရာမ ဒေါ်မေဆန်း နှင့် ဒေါ်သန္တာမိုးတို့က တောင်သူများနှင့်ဝန်ထမ်းများအား အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါ မှိုရောဂါပိုးကျရောက်နေမှု အခြေအနေများနှင့် ရော်ဘာပင်များတွင် ကျရောက်တက်သော ပိုးမွှားရောဂါများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန ကော့ကရိတ်ခရိုင်မှ ဝန်ထမ်း(၂၅)ဦး၊ မြဝတီခရိုင်မှ ဝန်ထမ်း(၁၁)ဦး၊ ရော်ဘာစိုက်တောင်သူ(၁၄)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်တာဖြစ်ကြောင်း သိရှိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)