ဇွန် ၂
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် နိုင်ငံ၏လူဦးရေနှင့် နှိုင်းစာလျှင် လည်းကောင်း၊ ရောဂါကူးစက်မှုနှင့် ထိခိုက်မှုကို ချိန်ဆလျှင်လည်းကောင်း ဆိုးဆိုးရွားရွား ဖြစ်ပွားမှုမရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို သုံးသပ်ကြည့်လျှင် ရောဂါ ပိုးတွေ့ အတည်ပြုလူနာများသည် နိုင်ငံပြင်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး ပြည်တွင်းရှိ ပြည်သူလူထုအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ။
လက်တွေ့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူလူထု ဖြစ်ပွားထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်နေရာ ကိုဗစ်-၁၉ ရောဂါထက်ပင် ထိခိုက်ဖြစ်ပွားမှု အများဆုံးဖြစ်သော အခြားကူးစက်ရောဂါ / မကူးစက်ရောဂါများ၏ အန္တရာယ်များကိုလည်း သတိမူကြဖို့ လိုမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အခြားသော ကူးစက်ရောဂါအမျိုးမျိုးတို့ကြောင့် နှစ်စဉ်လူအများ သေဆုံးပျက်စီးမှုကို လေ့လာကြည့်လျှင် ကိုဗစ်-၁၉ ရောဂါထက်ပင် သာလွန်သည်ကို တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် ကလေးငယ်များတွင် ရာသီအလိုက် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေး၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ရောဂါအန္တရာယ်များမှာ နှစ်စဉ်ကြုံတွေ့လျက်ရှိပြီး ကမ္ဘာတစ်ဝန်း၌ ထိခိုက်ပျက်စီးမှု များပြားပါသည်။ ထိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အလေးထားဆောင်ရွက်နေသဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များကို ဧပြီလ ၁ ရက်နေ့မှစတင်၍ ခေတ္တရပ်ဆိုင်းခဲ့ရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ အနည်းဆုံးအနေအထား ရှိသောကြောင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတစ်ဝန်းတွင် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး ဆေးခန်းအစီအစဉ်ကို မေလ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော ကျန်းမာရေးဌာနများနှင့် ပြည်သူလူထုအတွင်း ကာကွယ်ဆေး ထိုးအစီအစဉ်ကို ဇွန်လ ၁ ရက်နေ့မှစ၍ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းသည် ကလေးငယ်များအတွက် အရေးကြီးဆုံး ပုံမှန်ကျန်းမာရေး အစီအစဉ်တစ်ခု ဖြစ်သည်။ ကျန်းမာရေးလိုအပ်ချက်များ ရှိနေသည့် ဝေးလံခေါင်ဖျားဒေသများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်သည့် ဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများမှ ကလေးငယ်များ ရောဂါဘေးကြောင့် အသက်အန္တရာယ် ကင်းဝေးရေးအတွက် ကပ်ရောဂါအသွင် မဖြစ်ပွားလာစေရန် အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးအားလုံးကို ရာသီအလိုက် အကြိမ်ပြည့် ထိုးနှံပေးရေးသည် အရေးကြီးသောအချက်ဖြစ်သည်။
ကာကွယ်ဆေးထိုးအစီအစဉ်များကို ယခုအခါ ပြန်လည်စတင်နေပြီဖြစ်၍ ဧပြီလနှင့် မေလအတွင်း ကာကွယ်ဆေး မထိုးခဲ့ရသည့် လျာထားကလေးများ အားလုံးသာမက အကြောင်းကြောင်းကြောင့် ပုံမှန်ကာကွယ်ဆေး မထိုးလိုက်ရဘဲ ကျန်ရစ်ခဲ့သည့် ကလေးများအားလုံးပါ တစ်ယောက်မကျန် ကာကွယ်ဆေးများကို ထိုးနှံခြင်းဖြင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည်ဖြစ်သည်။ ကာကွယ်ဆေးမလွှမ်းခြုံနိုင်ပါက ကာကွယ်နိုင်သော ကူးစက်ရောဂါများ ပြန်လည်ခေါင်းထောင်ထလာပြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကပ်ရောဂါဘေးသဖွယ် အချိန်မရွေး ဖြစ်ပွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရောဂါကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာပြီး ကလေးငယ်များ ကူးစက်ရောဂါဘေး အမျိုးမျိုးမှ ကင်းဝေးရေးသာမက ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးအတွက်ပါ မိဘအုပ်ထိန်းသူများအနေဖြင့် ကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံရေး လာရောက်ကြပါရန်နှင့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်၍ ရောဂါကာကွယ် တားဆီးရေးကို ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ