(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောက်ရွက်လျက်ရှိရာ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့အထိ သံသယလူနာ(၂) ဦးအပါအဝင် လူနာ (၁၀)ဦးတို့အား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး နှာခေါင်းတို့ ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ညပိုင်းတွင် အောက်ပါလူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည်-

 

(၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံ၌ စောင့်ကြပ် ကြည့်ရှုကုသမှုခံယူလျက်ရှိသော အသက် (၁) နှစ်၊ (၂) လအရွယ် ကလေးငယ် (မ)တစ်ဦး၊

 

(၂) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိုင်ပေမှ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံ၌ စောင့်ကြပ် ကြည့်ရှုကုသခဲ့မှု ခံယူလျက်ရှိသော အသက် (၁၅) နှစ်အရွယ် ကလေး(ကျား)တစ်ဦး၊

 

(၃) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူလျက်ရှိသော မြန်မာနိုင်ငံသား၊ အသက်(၂)နှစ် (၂)လအရွယ် ကလေးငယ် (မ) တစ်ဦးနှင့်

 

(၄) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူလျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့တွင် (မည်သူ့တွင်မှ) 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ ပါကြောင်း သတင်းရရှိပါသည်။

 

(ခ) သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ ဓာတ်ခွဲစစ်ဆေးမှုအဖြေ သတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

 

Source: Ministry of Health and Sports, Myanmar