(၆-၂-၂၀၂၀ ရက်နေ့၊ ညနေ (၇.၁၅) နာရီ)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shandong Province အတွင်းရှိ Weihai မြို့မှ မြန်မာနိုင်ငံသို့ (၂၉-၁-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိလာသော အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၅-၂-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် ကိုယ်အပူချိန် မြင့်မားခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စတင်ဖြစ်ပွားခဲ့သဖြင့် (၆-၂-၂၀၂၀) ရက်နေ့၌ ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ သွားရောက်ပြသခဲ့ရာ ၄င်းဆေးရုံမှ ဝေဘာဂီ အထူးကုဆေးရုံသို့ ညွန်းပို့လွှဲပြောင်း ကုသခဲ့ပါသည်။ ၄င်းအားဆေးရုံ၌ စစ်ဆေးရာတွင် အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိခဲ့ပါ။ အဆိုပါလူနာအား‌ ဝေဘာဂီ အထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုများ ပေးလျက်ရှိပြီး ၄င်းထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာကျန်းမာရေးအဖွဲ့၏ ရည်ညွန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါသည်။ လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သော ဧည့်လမ်းညွှန်ကို ‌ဝေဘာဂီ အထူးကုဆေးရုံတွင်ထားရှိကာ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

 

၃။ ယနေ့ (၆-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆.၀၀) နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံး၌ သံသယလူ(၂)ဦး အပါအ၀င် လူနာ (၇) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိပါသည်။

Crd-Ministry of Health and Sports , Myanmar