မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ စက်တင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၉၈၄၆ ခုကို စိစစ်ခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၁ ဦး တွေ့ရှိခဲ့ပြီး ၁၇၅ ဦးမှာ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ တစ်ရက်စာထုတ်ပြန်ချက်တွင် ဓာတ်ခွဲနမူနာ ၁၀၈၀၄ ခု စစ်ဆေးခဲ့သည့်အနက် ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၂ ဦးရှိပြီး ၂၄၃ ဦးမှာ ပြည်တွင်း၌ ကူးစက်ခံခဲ့ရကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ စက်တင်ဘာ ၉ ရက်တွင် ၁ ဒသမ ၉၄ ရာခိုင်နှုန်းတွေ့ရှိခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ၂ ဒသမ ၄၃ ရာခိုင်နှုန်း ရှိသည်။ အဆိုပါနှစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိမှုတွင် ပြည်ပမှရောက်ရှိလာသူများ အနက် ၃၅ ဦးတွင် ရောဂါပိုးပါလာခဲ့ပြီး ၄၁၈ ဦးမှာ ပြည်တွင်း၌ အချင်းချင်း ထိတွေ့မှုမှ ရောဂါကူးစက်ခြင်းခံရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှာ အစောပိုင်းတွင် နေ့စဉ်ဆယ်ဂဏန်းဝန်းကျင်ဖြင့် ပိုးတွေ့မှုနှုန်း တစ်ရာခိုင်နှုန်းအောက်ရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် ဆယ်ဂဏန်းမှရာဂဏန်းရှိလာခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း နှစ်ရာခိုင်နှုန်းကျော်ရှိလာပြီ ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်မှုနှုန်း မြင့်မားလာသဖြင့် ကိုဗစ်-၁၉ ရောဂါကို လူတိုင်းလူတိုင်း သတိပြုကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာနေသည်ကို အားလုံးသိရှိကြမည်ဖြစ်သည်။ ရောဂါကူးစက်မှု ရှိနေသော်လည်း ယခင်ကိုဗစ်-၁၉ တတိယလှိုင်းကဲ့သို့ ရောဂါကြောင့်လူသေဆုံးမှုမရှိသဖြင့် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆ နေထိုင်လုပ်ကိုင်သွားလာနေ၍ မဖြစ်ပေ။ လူသေဆုံးမှုမရှိသော်လည်း ရောဂါကူးစက်ခံရပါက ရောဂါဝေဒနာကို အနည်းအများခံစားကြရပြီး အလုပ်ပျက်အကိုင်ပျက်နှင့် ငွေကုန်ကြေးကျများနေမည်ကို သတိပြုရမည်ဖြစ်သည်။ လူသေဆုံး မှုနည်းရခြင်းအကြောင်းမှာလည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို လူတိုင်းနီးပါးထိုးနှံမှု ခံယူခဲ့ကြပြီး အကြိမ်ပြည့် ထိုးနှံခဲ့ပြီးသူများသည် အပိုထပ်ဆောင်း ထိုးနှံထားသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲမျိုးစိတ်သစ်သည် ကူးစက်မှု အလွန်လျင်မြန်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှု မရှိအောင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို အားလုံးပါဝင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ယခုအခါတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့်အပြင် အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ (၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုသတ်မှတ်၍ တပ်မတော်ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည်။ ကာကွယ်ဆေးထိုးရန် ကျန်ရှိသောပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံ ထားရန်လိုအပ်ပေသည်။
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်နိုင်ငံများတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆက်လက်မြင့်မားနေပြီး အချို့နိုင်ငံများတွင် ရောဂါကြောင့် သေဆုံးသူများရှိနေသည်ကို မြင်တွေ့နေရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင်ရောက်လာသူများမှတစ်ဆင့် ပြည်တွင်းတွင် ထပ်မံကူးစက် ပျံ့နှံ့မှုများ မြင့်မားလာသည်ကိုတွေ့ရသည်။ ယခုရက်ပိုင်းတွင် ပြည်တွင်းနေသူအချင်းချင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်ကူးစက်မှု များ ဖြစ်ပွားနေသည်ကို တွေ့မြင်နေရသည်။ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်မှုနှုန်း မြင့်မားလာခြင်းမရှိအောင် သတိပြုကာကွယ်ထိန်းချုပ်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ခြင်း၊ ပါးစပ်နှင့် နှာခေါင်း စည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းတို့ကို မပျက် မကွက်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။
ကြေးမုံ