မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာကျဆင်းသွားပြီဖြစ်သည်။ ရောဂါ စစ်ဆေးမှု ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်တွေ့ရှိမှုနှုန်းမှာ နေ့စဉ် ဆယ်ဂဏန်းပတ်ဝန်းကျင်ဖြင့် တစ်ရာခိုင်နှုန်းအောက် ဒသမအနည်းငယ်သာရှိတော့သည်။ ထိုသို့ အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းသည် နိုင်ငံတော်အစိုးရက အလေးထားစီမံဆောင်ရွက်နိုင်မှု၊ ကျန်းမာရေး ဝန်ကြီးဌာနက အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများက အသိတရားဖြင့် နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်လာသောကြောင့်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း သိသာစွာ လျော့နည်းကျဆင်းလာရခြင်းတွင် ကာကွယ်ဆေးထိုးနှံမှု တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသော အကြောင်းအချက်တစ်ခုဖြစ်သည်။ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူတစ်ယောက်သည် ရောဂါကူးစက်ခြင်းနှင့် ရောဂါဖြစ်ပွား မှုဒဏ်ကိုခံနိုင်ရည်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အသက်ဆုံးရှုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချ နိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အခက်အခဲအနှောင့်အယှက် အတိုက်အခိုက်များကြားမှ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေး လွှမ်းခြုံမှုကို ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခြင်းသည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ အသက်အုပ်စုအလိုက် အဆင့်ဆင့်ထိုးနှံပေး ခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက်(၁၈)နှစ်အထက် လူဦးရေ ၃၄ သန်းကျော် ရှိသော်လည်း ပြည်ပသို့သွားရောက်နေထိုင်သူများ၊ အလုပ်လုပ်ကိုင်သူများနှင့် တာဝန်ထမ်းဆောင် နေကြသော ပြည်သူဦးရေမှာ ၂ ဒသမ ၄ သန်းကျော်ရှိသည့်အတွက် မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်လျက်ရှိသည့် အသက် (၁၈)နှစ်အထက် လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အသက် (၁၈)နှစ်အထက် လူဦးရေ ၂၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်၍ နိုင်ငံအတွင်း အမှန်တကယ်နေထိုင်သူ အသက် (၁၈)နှစ်အထက် လူဦးရေ၏ ၉၁ ဒသမ ၉ ရာခိုင်နှုန်းအား ကာကွယ်ဆေးလွှမ်းခြုံနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၄ ရက်နေ့က တရားဝင်အသိပေး သတင်းထုတ်ပြန်ခဲ့သည်။ ယခုအခါ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန်အတွက် အသက် (၁၅)နှစ်နှင့်အထက် ပြည်သူများနှင့် အသက်(၁၂)နှစ် အထက်မှ အသက် (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးလျက်ရှိသည်။
ထို့အပြင် အသက် (၄၀)နှင့်အထက် ပြည်သူများအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီး သည့်ကာလ ခြောက်လနှင့်အထက်ရှိလျှင် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။ ဆက်လက်၍ ကာကွယ်ဆေးလွှမ်းခြုံမှုကို ယခုထက်ပိုမိုမြင့်မားစွာ ရရှိစေရန် အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဖြစ် သည်။ ဦးတည်အုပ်စုအတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ကျေးလက်ဒေသအထိ ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော မိဘပြည်သူများကို အသက်အုပ်စုများထပ်မံတိုးချဲ့၍ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ရာနှုန်းပြည့်နီးပါး လွှမ်းခြုံ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း များကို စနစ်တကျ ဆက်လက်လိုက်နာပြီး ကျန်ရှိနေသေးသော ကာကွယ်ဆေးထိုးနှံရေးကို မပျက်မကွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်