ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ရရှိပြီး စတင်ထိုးနှံတော့မည်။ နိုင်ငံတစ်ဝန်းတွင် ယခုကာလအတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကျဆင်းလာသည်။ ကာကွယ်ဆေးလည်းရ၊ ရောဂါကူးစက်မှုလည်းကျသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရမလိုဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ကပ်ရောဂါ ကမ္ဘာပေါ်မှ အပြီးတိုင် မထွက်ခွာသွားသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။
ကာကွယ်ဆေးလည်းရ၊ ကူးစက်ပျံ့နှံ့မှုလည်းကျဆင်းလာ၍ ပြည်သူများအနေဖြင့် တဖြည်းဖြည်း သွေးအေးပြီး ရောဂါမရှိသလို ပုံမှန်အတိုင်းနေမြဲ နေလာကြမည်ကို စိုးရိမ်မိသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ ကျန်းမာစွာနေထိုင်နိုင်ရေး အထူးသတိပြုရန် ပထမအကြိမ် အချက်ပေး ခေါင်းလောင်း ထိုးလိုက်ခြင်းဖြစ်သည်။ စားသတိ၊ လာသတိ၊ သွားသတိ၊ နေသတိ အရာရာတွင် သတိမမူ နေထိုင်လုပ်ကိုင်မိပါက နောက်တစ်ကြိမ်၌ ယခုထက်ပိုမိုဆိုး နိုင်သည်ကို သတိပေးနှိုးဆော်ထားသကဲ့သို့ သတိမူကြရန်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကင်းဝေးရေးနှင့် ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်သည့် ယခုနောက်ဆုံး အသိပေး ထုတ်ပြန်ချက်များမှာ ပြည်သူတိုင်း မှတ်သားလိုက်နာသင့်သော အချက်များဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါရှိသူ ၆၀ ရာခိုင်နှုန်းခန့်သည် မည်သည့်ရောဂါလက္ခဏာမှ မပြသဖြင့် ပြည်သူများ ကြားတွင် ရှိနေနိုင်ကြောင်း သတိပေးထားသည်။ ယခုအခါ ရောဂါမျိုးဗီဇမှာလည်း ပြောင်းလဲနေပြီး ပိုမိုသတိထားရန် လိုကြောင်း ရောဂါမျိုးဗီဇစတင် ပြောင်းလဲသည့်နိုင်ငံများက သတိပေးထားသည်။
ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ရောဂါရှိနိုင်သည်ဟု ဆင်ခြင်နေရမည်ဖြစ်သည်။ ရောဂါပိုးအန္တရာယ်သည် ကာကွယ်ဆေးနှင့် ကာသည်ဖြစ်စေ၊ အကာအကွယ်ဖြင့် ကာသည်ဖြစ်စေ မိမိတွင် အားနည်းချက် ရှိသည်နှင့် အပြည့်အဝ လုံခြုံမှုမရှိနိုင်သည်ကို သိရှိထားသင့်သည်။ ရန်သူများ၏ ထိုးဖောက်နိုင်စွမ်းအားကို ကြံ့ကြံ့ခံခုခံနိုင်သည့်စွမ်းအား အပြည့်အဝရှိပါမှ ရာခိုင်နှုန်း ၉၀ ခန့် ကာကွယ်ထားနိုင်သည်။ ကိုဗစ်ကာကွယ်ဆေးထိုးသော လူများတွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်မှုရနိုင်သည်။
ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးသွားတော့မည် ဖြစ်သည်။ ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအား ပထမအသုတ် စတင်ထိုးနှံပေးမည်ဖြစ်သည်။ ကျန်လူထုလူတန်းစားများအား ကာကွယ်ဆေး ရောက်ရှိလာမှုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် သည်။ ကာကွယ်ဆေးရောက်ရှိ ထိုးနှံပေးမှုမှာ အချိန်ကာလအတိုင်းအတာတစ်ရပ် ကြာမြင့်မည်ဖြစ်၍ ကျန်လူအများအနေဖြင့် စိတ်ရှည်သည်းခံပေး ကြရန် မေတ္တာရပ်ခံပါသည်။ ။
ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကာကွယ်ဆေးထိုးထားသော်လည်း ထုတ်ပြန်ထားသော ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာဖို့လိုပါသည်။ ကာကွယ်ဆေးနှင့် ပတ်သက်၍ ထိုးသင့်၊ မထိုးသင့်သည့် အချက်များကိုလည်း သိရှိထားရန်လိုအပ်ပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူတိုင်းထိုးနှံရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် အနံ့ပျောက်၊ အသက်ရှူခက်၊ ဖျားနာ၊ ချောင်းဆိုးကဲ့သို့ သံသယရှိသူများ ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် ၁၄ ရက်အတွင်း ထိုးနှံခြင်းမပြုသင့်ပေ။ ထို့အပြင် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ၊ အသက် (၁၈)နှစ်အောက် လူအုပ်စုများ ကာကွယ်ဆေးမထိုးနှံသင့်ပါ။ ကိုယ်ခန္ဓာအစားထိုးကုသမှု ခံယူထားသူများနှင့် ခုခံအားကျရောဂါရှိသူများအနေဖြင့် ထိုးသင့်၊ မသင့် သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် တိုင်ပင်ရမည်ဖြစ်ပါသည်။ ။
ကျန်လူပုဂ္ဂိုလ်အားလုံးတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံသင့်ပြီး ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် ယင်းရောဂါများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆေးဝါးများ သောက်သုံးနေရသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အကယ်၍ ကူးစက်ခံရပါက အသက် အန္တရာယ် စိုးရိမ်ရသောကြောင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ပါ သည်။
သို့ဖြစ်ရာ ကာကွယ်ဆေးထိုးခြင်းသည် ရောဂါအလွယ်တကူ ကူးစက်ခြင်းမရှိနိုင်အောင် ဟန့်တားကာကွယ်သည့် အကြိမ်ပြည့် ထိုးရသောဆေးဖြစ်ပြီး ဆေးထိုးပြီးပါကလည်း ရောဂါဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် လူတိုင်းလူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ