ကိုဗစ်-၁၉ ရောဂါသည် ပရိယာယ်မာယာများလှသည်။ ရောဂါ၏ အတိမ်အနက်၊ ရောဂါဖြစ်ပွားမှု ပုံပန်းသဏ္ဌာန် လက္ခဏာကို ခန့်မှန်းရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ရောဂါပိုးရှိသော်လည်း ရောဂါရှိမှန်းမသိနိုင်သည်မှာ အလွန်ဆိုးရွားသောအချက်ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာမပြသသူ ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အသိပေးထားသည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသ၍ မိမိကိုယ်မိမိ မသင်္ကာသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဆေးရုံများသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူကြသူများ အများစု ရှိကြသည်။ ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိသည်ဟုအထင်ဖြင့် ဆေးရုံသို့မသွားဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုသကြသူအချို့လည်း ရှိနိုင်သည်။ အန္တရာယ်အကြီးမားဆုံးလက္ခဏာမှာ မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ရောဂါကူးစက်ခံနေရခြင်းကို မသိဘဲနေနေခြင်း ဖြစ်သည်။
ဥပမာ လူတစ်ယောက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ဖြစ်သော်လည်း မည်သည့်ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားလုပ်ကိုင်နေလျှင် ရောဂါကူးစက်မှုအန္တရာယ် အလွန်များလှသည်။ ထို့ကြောင့် အသွားအလာကန့်သတ်မှုများကို ပြုလုပ်ထားရပြီး ကူးသန်းသွားလာပါက စစ်ဆေးမှုကို ခံယူကြရသည်။ ဤသို့ မပြုလုပ်ပါက ရောဂါဖြစ်ပွားပျံ့နှံ့နှုန်း မြင့်မားတိုးတက်သွားနိုင်သည်။
ရောဂါလက္ခဏာမပြသဘဲ ကူးစက်ခံထားရနိုင်ခြေရှိသောကြောင့် မြို့ရွာ ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ယင်းအချက်ကို အထူးသတိထား ကာကွယ်ဆောင်ရွက်ကြရမည် ဖြစ်သည်။
ထို့ကြောင့် မြို့ရွာရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းကို အထူးသတိထား ကြရန် လိုအပ်ပေသည်။ လူအချင်းချင်း ခပ်ဝေးဝေးနေထိုင်ပြီး ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို အကာအကွယ်များ တပ်ဆင်ထားရမည်ဖြစ်သည်။ လူအချင်းချင်း ထိတွေ့မိပါက လက်ကိုမကြာခဏဆေးကြောရန် လိုအပ်ပါသည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းအနေဖြင့် သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံခဲ့ကြသူများ၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသကြသူများ၊ မိမိကိုယ်မိမိသံသယရှိသည်ဟု ယူဆကြသူများသည် ကျန်းမာရေး စစ်ဆေးမှုကို ခံယူကြရမည်ဖြစ်သည်။
ပိုးတွေ့လူနာများကို စောစောစီးစီး ရှာဖွေတွေ့ရှိပါက စောစောစီးစီး ပြုစုကုသမှုပေးနိုင်မည်ဖြစ်ပြီး ရောဂါ ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းတို့ကိုလည်း မှန်မှန်ကန်ကန် တိတိကျကျထုတ်ပြန်နိုင်ပြီး ဖြစ်ပွားနှုန်းတက်မလာအောင် ထိန်းထားနိုင်မည်ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ရောဂါပိုးရှိသူများကို စောစောစီးစီး ပိုမိုမြန်မြန်တွေ့ရှိအောင် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါသည်။ များသောအားဖြင့် ရောဂါပြင်းထန်မှ ဆေးရုံသို့ ရောက်ရှိလာတတ်ကြ ခြင်းထက် ရောဂါမဖြစ်မီ သံသယရှိကတည်းက လာရောက်ပြသခြင်းဖြင့် စောစောစီးစီး ရောဂါပိုးတွေ့၊ စောစောစီးစီး ပြုစုကုသမှုခံယူနိုင်မည် ဖြစ်သည်။ သို့မှသာ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်တွင် အောက်တိုဘာလ ၃ ရက်နေ့ညက ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသည့် ကုန်တင်ယာဉ်မောင်းနှင်သူနှင့် ယာဉ်နောက်လိုက်များအား ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့ မြောက်ဘက်အထွက် စည်ပင်သာယာဈေးအတွင်း၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကုန်တင်ယာဉ် ၁၁၆ စီးမှ လူဦးရေ ၂၁၅ ဦးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ရာ ၁၆ ဦးတွင် ကိုဗစ်၁၉ ရောဂါပိုး တွေ့ရှိခြင်းအချက်မှာ အလွန်အရေးကြီးသောကိစ္စဖြစ်သည်။
အဆိုပါကုန်တင်ယာဉ်တန်းတွင် ရောဂါပိုးရှိသူ ၁၆ ဦးသည် ရောဂါရှိမှန်းမသိဘဲ ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက် မြို့ရွာများအတွက် ရောဂါပြန့်ပွားမှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နယ်မြေ ဖြတ်သန်းမည် ဆိုပါက စောစောကတည်းက ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပြီး ယခုကဲ့သို့ လမ်းတစ်ဝက်တစ်ပျက်တွင် ရောဂါပိုးတွေ့ရှိခြင်းအတွက် ရောဂါပြန့်ပွားမှုကိုဖြစ်စေသည့်အပြင် ကုန်စည်စီးဆင်းမှုကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသောကြောင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ရောဂါလက္ခဏာမပြသော ကိုဗစ်-၁၉ ရောဂါပိုးကို ပြည်သူများအားလုံး သတိပြုကြရမည်ဖြစ်သည်။ မိမိတွင် မည်သည့်ရောဂါလက္ခဏာ မှမပြသောကြောင့် အနေအစားမပျက်သွားလာလှုပ်ရှား လုပ်ကိုင်မိလျှင် မည်မျှအန္တရာယ်ကြီးမားသည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ရောဂါရှိသည်ဟု ယူဆသည်ဖြစ်စေ၊ မယူဆသည်ဖြစ်စေ လိုအပ်ပါက စောစောစီးစီး ကျန်းမာရေးစစ်ဆေးမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ပြည်သူအားလုံး အလေးထားလိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ