နေပြည်တော် ဇူလိုင် ၂၀

 

ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ် တိုက်ဖျက်ရေးဌာနခွဲ၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ၂၀၂၀ ခုနှစ်တွင် ငှက်ဖျားဖြစ်ပွားသူ စုစုပေါင်း ၅၈,၈၃၅ ဦး နှင့် ၂၀၂၁ ခုနှစ်တွင်  ၇၉,၀၀၁ ဦးရှိကြောင်း၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း Plasmodium falciparum ပိုးတွေ့သူလုံးဝမရှိ စေရေးနှင့် ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားရောဂါ ကူးစက်မှု ပပျောက်စေရန်ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း၊ ငှက်ဖျားရောဂါကုသဆေးနှင့် ဆေးပစ္စည်းများ လူတိုင်းလက်လှမ်းမီရရှိစေ ရေးနှင့်  မပြတ်လပ်စေရေး၊ သက်တမ်းများ ရက်လွန်မဖြစ်စေရေးစသည့် supply chain management လုပ်ငန်းများ၊ ဆေးစိမ်ခြင်ထောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ကြီးကြပ်သွားရန်လိုကြောင်း။

 

ယခုနှစ် ပထမ (၆)လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၇၈၃၅)ဦးနှင့် သေဆုံးသူ (၃၁)ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားနေသည်ကို တွေ့ရကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ကျန်းမာရေး အသိပညာမြှင့်တင်ပေးရန်လိုကြောင်း။

 

ငှက်ဖျားရောဂါကင်းဝေးရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်  ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်မှု ဒေသဆိုင်ရာအစိုးရအဖွဲ့၏ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်ပေး ကြရန် လိုကြောင်း ပြောကြားသည်။

          

 အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း ခြင်ကိုက်ခြင်းမှတဆင့် ကူးစက်တတ် သည့် ရောဂါများ ဖြစ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက် ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ချီခန်ဂန်းညား၊ ဇီကာ အစရှိသည့်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ၊ တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြမည်ဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ WHO၊ UNOPS  PR  ၊ Save the Children PR မိတ်ဖက်အဖွဲ့ အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)