၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ လူနာအသစ် လေးဦးရှိသည်။ ဧပြီလ ၂၉ ရက်၊ ၃ဝ ရက်နှင့် မေလ ၁ ရက်၊ ၂ ရက်နေ့အထိ လေးရက်တွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးသာရှိခဲ့သည်။ ရောဂါပိုးကူးစက်သူ မတွေ့ရှိခြင်းသည် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေပြီး ပြည်သူ၊ ပြည်သားများ ဝမ်းမြောက်ပျော်ရွှင် စိတ်နှလုံးချမ်းမြေ့ကြမည်ဖြစ်သည်။

 

မေလ ၃ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု လူနာအသစ် လေးဦးတွေ့ရှိ ခဲ့ပြီး မေလ ၄ ရက်နေ့တွင် အတည်ပြုလူနာ ခြောက်ဦး ထပ်မံတွေ့ရှိခဲ့သည်။ ဧပြီလအတွင်း အသွားအလာကန့်သတ်ထိန်းချုပ်ထားမှု၊ ပြည်သူများ အသွားအလာ အနေအထိုင်ဆင်ခြင်မှုနောက်ဆက်တွဲအကျိုးဆက်အဖြစ် ရောဂါပိုးတွေ့ရှိသူလူနာအသစ် ပါးလျားခြားနားသွားပြီးနောက် ရောဂါရှိသူနှင့် ထိတွေ့မှုဖြစ်စဉ်အသစ်များကြောင့် အတည်ပြုလူနာအသစ်များ ပြန်လည်ပေါ်ထွက်လာသည်ဟု ယူဆမိပါသည်။

 

အထူးသဖြင့် ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် ဧပြီလအတွင်း ထိန်းထိန်းသိမ်းသိမ်း လိုက်နာနေထိုင်ခဲ့ကြသလောက် ဧပြီလကုန် မေလမှစ၍ မိမိတို့အရေးအရာကိစ္စများအတွက် ပြန်လည်လှုပ်ရှားသက်ဝင်လာသည်ကို မြင်တွေ့ရပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိမှု အသစ် နည်းပါးခြင်းသည် ရောဂါကူးစက်မှု ပြီးပြတ်သွားခြင်းမဟုတ်ဘဲ ငုပ်လျှိုးနေခြင်းသာဖြစ်ပြီး စိတ်ချရသည့်အခြေအနေ အလှမ်းဝေးနေသေးသည်ကို ယခုလူနာအသစ်များ ထပ်မံတွေ့ခြင်းက သက်သေပြနေပြီဖြစ်သည်။

 

မြို့နေလူဦးရေနှင့် ရောဂါဖြစ်ပွားမှုဦးရေ အချိုးအစားမှာ နည်းပါးလှသဖြင့် ပေါ့ပေါ့ဆဆနေထိုင်လိုက်မည်ဆိုပါက အချိုးအစားတိုးကာ ကြောက်မက်ဖွယ်အခြေအနေသို့ ရောက်ရှိနိုင်သည့်အပြင် ယခုလက်ရှိ အနေအထိုင်ကျဉ်းကျပ်မှုထက် အဆပေါင်းများစွာ ခက်ခဲကျပ်တည်း သွားမည်ကို သတိချပ်ရမည်ဖြစ်သည်။ ရောဂါကာကွယ်ရေးအတွက် စောင့်ထိန်းရသည့်ကာလ မကြာလှသည်ကို အောင့်အည်းသည်းခံပြီး လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ မိမိတို့အကျိုးစီးပွားကို ဦးစားပေးမိပါက ဆင်းရဲဒုက္ခတာရှည်မည်ကို သိရှိထားရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးတွင် လောလောဆယ်၌ အထူးအလေးထားရမည့် ကိစ္စကြီးနှစ်ရပ်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသိပေးထားသည်။ ကျန်းမာရေးအရစစ်ဆေးပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပေးလိုက်သည့် စက်ရုံ၊ အလုပ်ရုံများ၏ အလုပ်သမားများအကြား ရောဂါမပြန့်ပွားရေးနှင့် နယ်စပ်ဒေသမှ ပြန်လာကြသည့် အလုပ်သမားများအကြား ရောဂါမပြန့်ပွားရေးတို့ဖြစ်သည်။ ရောဂါပိုးရှိသူသည် မည်သူမည်ဝါ မှန်းမသိနိုင်သဖြင့် မဖြစ်မနေသွားလာလှုပ်ရှားရသော်လည်း ခပ်ခွာခွာနေရန်၊ ပါးစပ်နှင့်နှာခေါင်းကို ဖုံးအုပ်ထားရန်၊ လက်ကို ဆပ်ပြာနှင့်ဆေးကြောရန် အကြိမ်ကြိမ် အထပ်ထပ် မှာကြားနေကြခြင်း ဖြစ်သည်။

 

ထိန်းသိမ်းလိုက်နာရသည့် ကာလတစ်ခုကြာပြီးနောက်တွင် ပြည်သူ များကြား၌ ပေါ့ပေါ့ဆဆ နေထိုင်လာကြသည်ကို တွေ့ရသည်။ လူစုလူဝေးကို ရှောင်ရှားခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းတို့အား သတိမမူကြတော့သည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်သည့် စက်ရုံ၊ အလုပ်ရုံများနှင့် နယ်စပ်မှ ပြန်လည်ဝင်ရောက်လာကြသူများသည် အထူးသတိထားလိုက်နာရမည့် ပတ်ဝန်းကျင်များဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူ၊ ပြည်သားများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စက်ရုံ၊ အလုပ်ရုံများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ပြည်တော်ပြန်များနှင့်သက်ဆိုင်သည့် အစီအစဉ်များ၊ စည်းကမ်းများကို တိတိကျကျထုတ်ပြန်ထားပြီးဖြစ်သည်။

 

သို့ဖြစ်ရာရောဂါဘေးကာကွယ်ရေးအတွက်လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာပါက ပြည်သူများပင် ဒုက္ခဆင်းရဲအခက်အခဲ သံသရာထဲတွင် ကြာရှည်စွာရောက်ရှိနိုင်ပြီး ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးအချက်များကို ပြည်သူအားလုံးက တိတိကျကျ လိုက်နာကြမည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ပြည်သူ၊ ပြည်သားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ