မိုင်းကိုင်၊ ၁၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀မှ ကျေးလက်နေ ပြည်သူများ ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်များမှ ရေနမူနာများရယူကာ အီကိုလိုင် (Ecoli) ဘက်တီးရီးယားပိုးပါဝင်မှု ရှိ/မရှိ ရေ အရည်အသွေးများကို Ecoli Test Kit ဖြင့် ဇန်နဝါရီလ ပထမပတ်ကစတင်၍ စမ်းသပ်စစ်ဆေးပေးလျက် ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးကျော်လင်းအောင်တို့က ကျေးရွာများမှ နေ့စဉ် သောက်သုံးလျက်ရှိသော အများသုံးနေရာများမှ ရေနမူနာများကိုရယူပြီး ရေထဲတွင် အီကိုလိုင်(Ecoli) ဘက်တီရီယားပိုး၊ လူနှင့် တိရစ္ဆာန်အညစ်အကြေးဓာတ် ပါဝင်မှုကို စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၄ စု၊ ကျေးရွာပေါင်း ၃၅၁ ရွာရှိသည့်အနက် ကနဦးအနေဖြင့် ကျေးရွာပေါင်း ၅၀ ရှိ အများသုံးနေရာများမှ နေ့စဉ်သုံးစွဲလျက်ရှိသည့် ရေအရင်းအမြစ်များကို စစ်ဆေးပေးလျက်ရှိပြီး ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခွန်ကျော်စိမ်းက ပြောပြသည်။
ငြိမ်းသူ


