၅ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ် သြဂုတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီးနောက် ၎င်းတို့မှတစ်ဆင့် ဆင့်ပွားကူးစက်သူအချို့သည် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ သြဂုတ်လ တတိယပတ်မှစ၍ ရောဂါကူးစက်မှုများ နေ့စဉ်တိုးတက်များပြားလာရာ ယခုအခါ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူတစ်ထောင်ကျော်ရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လကုန် စက်တင်ဘာလဆန်းမှစ၍ နေ့စဉ် ရောဂါပိုးတွေ့ရှိသူ ၁၀၀ ဝန်းကျင်ဖြင့် စံချိန်တင်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် ရောဂါပိုးအများဆုံးတွေ့ရှိရသော ဒေသများ ဖြစ်လာသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့ရာမှ စက်တင်ဘာလ ၄ ရက်နေ့ နံနက်တွင် သေဆုံးသူတစ်ဦး တိုးလာခဲ့သည်။ သေဆုံးသူတွင် ရောဂါအခံရှိသည် မှန်သော်လည်း နောက်ဖြစ် ကိုဗစ်ရောဂါပိုးဖြင့် ပထမဆုံးသေဆုံးရခြင်းဖြစ်၍ ယခု ကူးစက်ပြန့်ပွားနေမှုကို ပေါ့ပေါ့တန်တန် မတွေးဘဲ အလေးထားကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်းကာလ၌ ပြည်သူလူထုအတွင်း ကိုဗစ်- ၁၉ ရောဂါဖြစ်လျှင် သေဆုံးနိုင်ခြေ နည်းသည်ဟု ယူဆနေကြပြီး ရောဂါဖြစ်လျှင်လည်း ပြန်လည်သက်သာလွယ်သည်ဟု ထင်မြင်ယူဆလာကြသည်။ လူအချင်းချင်း ကူးစက်မှုဖြစ်ခဲသည်ဟု အယူအဆမှားများ ရှိလာကြသည်။ အမှန်တကယ်တွင် ကျန်းမာရေး ဝန်ထမ်းများက ရောဂါဖြစ်လျှင်ဖြစ်ချင်း အချိန်မီနိုင်နိုင်နင်းနင်း ကုသပေးနေသောကြောင့်ဖြစ်သည်။ ယခုအခါ သက်ကြီးရွယ်အိုများသာမက ကလေးသူငယ်လူမမည်များပါ ရောဂါကူးစက်မှုခံနေရပြီး ရောဂါတစ်ခုဖြစ်လာလျှင် မည်သည့်ရောဂါမှ လွယ်လွယ်ကူကူ သက်သက်သာသာ ရှိမည်မဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ကိုယ်ခံအားကောင်းလျှင် ရောဂါပျောက်ကင်းလွယ်ပြီး ကိုယ်ခံအားမကောင်းခြင်း၊ ရောဂါအခံများရှိခြင်း ဖြစ်လျှင်မူ အလွယ်တကူ ထိခိုက်ပျက်စီးနိုင်ပေသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ဒုတိယပတ်မှစတင်၍ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိပြီးနောက် ရန်ကုန်မြို့တွင် သံသယလူနာများ၊ စောင့်ကြည့်လူနာများ၊ ရောဂါပိုးတွေ့ရှိလူနာများ နေ့စဉ်များပြားလာရာ ဆေးရုံများ၊ မြို့ရွာများ၊ ငွေကြေး၊ ဆေးဝါး၊ ဆရာဝန်၊သူနာပြု၊သက်ဆိုင်ရာအဖွဲ့အစည်းများ မည်မျှတာဝန်များပြီး လိုအပ်ချက်များ ကြီးမားလာမည်ကို ခန့်မှန်းကြည့်နိုင်သည်။ ရောဂါတွေ့ရှိမှုများလာသည်နှင့်အမျှ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အများအပြားလိုအပ်လာပြီး ကိုဗစ်ရောဂါကုဆေးရုံများသို့ အခြားဆေးရုံများမှ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းဖြည့်ဆည်းပေးရသည်။ ရောဂါတစ်ခုသည် အနာနှင့်ဆေးတွေ့မှသာ အလျှင်းပျောက်ကင်း နိုင်သည်ဖြစ်ရာ ယခုအခါ ကိုဗစ်-၁၉ ဆေးဝါးမပေါ်သေးသဖြင့် ရောဂါဖြစ်လျှင် မည်သည့်နည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနေသည်ကို လေ့လာကြည့်သင့်သည်။ ဆေးပညာ၊ ဆရာဝန်နှင့် ပစ္စည်း ခေတ်မီအဆင့်မြင့်စွာ ပိုင်ဆိုင်ထားသည့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ကိုဗစ်ရောဂါကြောင့် နေ့စဉ် လူအများ သေဆုံးနေရသည့် ဖြစ်စဉ်မှာ ရောဂါအခံရှိခြင်း၊ ကုသဆေးမရှိခြင်း၊ ရောဂါဖြစ်ပွားသူ များပြားလွန်းခြင်းကြောင့် ဖြစ်သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေကို အကြမ်းအား ဖြင့်၊ ဗဟုသုတအားဖြင့် သိထားသင့်သည်။ မြန်မာလူမျိုးများသည် သွေးဆူလွယ်၊ သွေးအေးလွယ်သောသူများမဖြစ်သင့်။ ကောလာဟလ မမှန်သတင်း များကို နားမယောင်မိဖို့လည်းလိုသည်။ ဖြစ်ပေါ်နေသော ကပ်ရောဂါဖြစ်စဉ် အခြေအနေမှန်ကိုသိမြင်ပြီး အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ အဆမတန်များလာလျှင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် မနိုင်မနင်းဖြစ်မည်မှာ သေချာသည်။ မနိုင်မနင်းဖြစ်လျှင် သေဆုံးမှုများ ရှိလာနိုင်သည်။ သေဆုံးမှုရှိမှ ကြောက်ရွံ့ခြင်း ရှိခြင်းသည် မှားယွင်းသောခံယူချက်ဖြစ်သည်။
ရောဂါတစ်ခုသည် မဖြစ်မီက ကြိုတင်ကာကွယ်ခြင်းသည် အကောင်း ဆုံးဖြစ်သည်။ အစောပိုင်းတွင် ဖြစ်ပွားမှုနည်းပြီး ဖြစ်ပွားသည့်အထဲမှ ခြောက်ဦးသာသေဆုံးသဖြင့် ပေါ့ဆခြင်းဖြစ်ဟန်တူသည်။ ယခုအခါ ဖြစ်ပွားမှုများလာပြီး သေဆုံးသူတစ်ဦးတိုးလာသောကြောင့် မပေါ့ဆဖို့လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ပံ့ပိုးပေးလျက်ရှိသည်။ ကျန်းမာရေးဝန်ထမ်းများကလည်း အစွမ်းကုန်ကြိုးပမ်း ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိသည်။ အဓိကမှာ ပြည်သူများသာဖြစ်ပြီး ပြည်သူများပါဝင်မှသာ ကိုဗစ်ရောဂါ ပြန့်ပွားနေမှုကို ထိန်းချုပ်ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ဦးချင်း တစ်ဦးချင်းသည် မိမိတို့ကိုယ်တိုင်သာမက မိမိတို့ပတ်ဝန်းကျင်အား ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာအချက်များကို ကိုယ်စီလိုက်နာခြင်းဖြင့် ကိုဗစ်ရောဂါအား ဝိုင်းဝန်းကာကွယ်ထိန်းချုပ်ရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ