မင်းလပြည့်(ဟားခါး)
ချင်းပြည်နယ်သည် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၅၃ မျိုးရှိသဖြင့် နေရာဒေသ၊ ရာသီဥတု၊ မြေမျက်နှာပြင်အနေအထားများမှာလည်း ကွဲပြားလျက်ရှိပါသည်။ ပြည်နယ်တစ်ခုလုံး တောင်တန်းကုန်းမြင့်များ ဖုံးလွှမ်းနေသကဲ့သို့ စာပေ၊ ဘာသာစကားများမှာလည်း မတူညီကြပေ။ ချင်းပြည်နယ်၏ မြောက်ပိုင်းတွင် ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တည်ရှိပြီး ချင်းပြည်နယ်တောင်ပိုင်းတွင် မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက်မြို့နှင့် ပလက်ဝမြို့တို့ ရှိကြပါသည်။
ချင်းပြည်နယ်မြောက်ပိုင်းတွင် များသောအားဖြင့် ကလေးများ သုံးရက်သား ရှိလျှင် ဆံရိတ်ပေးလေ့ရှိကြသည်။ အသက်အရွယ်ကြီးလာသောအခါ မိန်းမ၊ ယောကျာ်းအားလုံး ဆံရှည်ထားတတ်ကြသည်။ ရှေးအခါက ယောကျာ်းများ သည် နားဖောက်လေ့ရှိသည်။ နားဖောက်သည့်အခါတွင် နားနောက်မှ ကန်စွန်းဥ၊ ပိန်းဥ၊ ဘူးသီးခြောက်အခွံများခံ၍ ရှောက်ဆူး၊ ဖြူဆူးစသည်များဖြင့် ထိုးဖောက်လေ့ရှိပြီး နားပေါက်တွင် ပန်းစည်းကြိုးစသည်ဖြင့် အလှပန်ဆင် လေ့ရှိသည်။ မိန်းမများသည် ပယင်းကျောက်၊ မဟူရာစသော နားတောင်းကြီး များကို ပန်ဆင်လေ့ရှိသည်။
မဟူရာပုတီးကြီးများကိုလည်း ဝတ်ဆင်လေ့ရှိ
များသောအားဖြင့် တီးတိန်နယ်တွင် မိန်းမများသည် ငွေနှင့် ကြေးနီ လက်ကောက်ကြီးများကို ဝတ်ဆင်ကြသည်။ ကြေးနီကွင်းများကို လက်မောင်း တွင်ဝတ်၍ ဂျပ်ခုတ်ထည်များကို ဝတ်ဆင်ကြသည်။ အင်္ကျီမှာ ရင်စေ့အင်္ကျီ သဘောပင်ဖြစ်သည်။ လည်ဆွဲရတနာများအဖြစ် ပယင်းစေ့နှင့် သန္တာနီများကို စီ၍ ဆွဲကြသည်။ ထို့အပြင် နာဂတောင်တန်းမှ လာရောက်ရောင်းချသော မဟူရာပုတီးကြီးများကိုလည်း တီးတိန်အမျိုးသမီးများ ဝတ်ဆင်လေ့ရှိကြ သည်။ ထဘီများမှာ ရင်ကွဲထဘီများဖြစ်၍ များသောအားဖြင့် ရှေးအခါက ဒူးအထက်အထိ ဝတ်ဆင်လေ့ရှိသည်။ အရွယ်မရောက်သေးသော မိန်းကလေး များသည် “မောင်ခါး”ခေါ် ကြိုးနှင့် အမြိတ်ချထားသော ခါးဝတ်တစ်မျိုးကို ဝတ်ဆင်ကြသည်။ ဖလမ်းဒေသတွင် ယင်းခါးဝတ်ကို “ဒိုင်ခရပ်”ဟု ခေါ်သည်။
တီးတိန်နယ်အတွင်းရှိ ချင်းအမျိုးသမီးများသည် ကျစ်ဆံမြီးကိုသုံးခုခွဲ၍ ကျစ်ပြီးနှစ်ခုကို နားနောက်နှင့် နားရှေ့တွင်ထားကာ ကျန်တစ်ခုကို ခေါင်းနောက်တွင် ထားလေသည်။ စီးယင်း ချင်းအမျိုးသမီးသည် အပျိုစင်ဘဝ ၌ ဆံပင်ကို နောက်စေ့တည့်တည့်တွင်ထုံးသည်။ ဆံကျစ်နှစ်ခုကို နားထင်အောက်မေးစေ့အနီးတွင်ထားပြီး ရှေ့သို့ကောက်ထားသော် ကာမပိုင်ကားရှိ၏၊ သားသမီးကား မရသေးဟုသိနိုင်၏။ အကယ်၍ သားသည်မိခင်ဖြစ်ခဲ့လျှင် နောက်တည့်တည့်တွင် ထုံးထားသော ဆံထုံးငယ်ကို ရှေ့တွင်ထားသော ဆံကျစ်ထုံးနှင့်ရော၍ ထားလေ့ရှိသည်။
တီးတိန်ယောကျာ်းတို့သည် လေးပစ်သောအခါ လက်တွင်မရှစေရန် ကြေးနီကွင်းများ ဝတ်ဆင်လေ့ရှိကြသည်။ ဆံပင်ကို အရှည်ထား၍ ဆံထုံးကို နောက်စိတည့်တည့်တွင် ထုံးတတ်ကြသည်။ ထို့အပြင် နဖူးတွင် ပဝါပေါင်းလေ့ ရှိသည်။ ယောကျာ်းများဝတ်သော အင်္ကျီမှာ သင်တိုင်းမျိုးဖြစ်၍ အဖြူရောင် ချည်ထည်ဖြစ်ပြီး အင်္ကျီမှာ ဒူးအထက်အထိ ဖုံးလေသည်။ လက်သည် လက်ရှည်ဖြစ်သည်။ အမျိုးသမီးနှင့် အမျိုးသားများသည် ပွဲတော်တွင် သစ်လွင်သော၊ တောက်ပသော အဝတ်သစ်များကို ဝတ်ဆင်ကြသည်။ ဟားခါး အမျိုးသမီးနှင့် အမျိုးသားတို့သည်လည်း အများအားဖြင့် ဂျပ်ခုတ်ထည်များကို ဝတ်ဆင်ကြသည်။ မိန်းမများသည် ဂျပ်ခုတ်လုံချည်၊ ဂျပ်ခုတ်အင်္ကျီနှင့် ဂျပ်ခုတ် စောင်များကို ဝတ်ဆင်လေ့ရှိသည်။ များသောအားဖြင့် အင်္ကျီမှာ အဖြူ သို့မဟုတ် အနက်ရောင်ဖြစ်ပြီး အချို့သည် အနီခံတွင် အစိမ်း၊ အနက်၊ အနီများ အဆင်ဖော်ထားသည်။ အင်္ကျီမှာ ရင်စေ့လက်တိုဖြစ်ပြီး အနားတွင် အကွက် အဆင်များ ခြယ်သထားကြသည်။ အင်္ကျီကို လက်မောင်းအလယ်၊ လက်မောင်း အထက်အထိ လက်တိုညှပ်၍ ဝတ်ဆင်ကြသည်။ လုံချည်မှာ ကန့်လန့်စင်း၊ မှန်ကူကွက်ဖော် ပန်းပွင့်၊ ပန်းပြောက် အဆင်များဖြစ်သည်။
ပိုးထည်စောင်များကို ခြုံလေ့ရှိ
မိန်းမများသည် လုံချည်ကို ခြေမျက်စိဖုံးဝတ်ဆင်သည်က များသည်။ ငွေလက်ကောက်၊ သတ္တုလက်ကောက်၊ ဒန်လက်ကောက်များကို အလှအပ အဖြစ် ဝတ်ဆင်ကြသည်။ ထို့အပြင် ပယင်းပုတီး၊ မဟူရာပတီးနှင့် ငွေဒင်္ဂါး ဆွဲကြိုးများကိုလည်း ဆင်ယင်လေ့ရှိကြသည်။ ခါးတွင်လည်း ငွေနန်းကြိုးနှင့် ကြေးနန်းကြိုးများကို အပြားလိုက်သီ၍ ပတ်ကြသည်။ ပွဲတော်ရက်များတွင် အစိမ်း၊ အနီ၊ အဖြူ၊ အနက် ရောစပ်၍ လှပစွာ ရက်လုပ်ထားသော ပိုးထည် စောင်များကို ခြုံလေ့ရှိသည်။ ဆံပင်ကိုလည်း နောက်ထုံး ဆံထုံးထုံး၍ ကြေးဆံ ထိုး၊ ဝါးဆံထိုးနှင့် ဖြူဆူးဆံထိုးများကို ဆံပင်တွင် စိုက်ထိုးလေ့ရှိသည်။
ဟားခါးနယ်တွင် အမျိုးသားများသည် ရှေးအခါက ခါးစည်းများကို ခါးတောင်းကျိုက်၍ ရှေ့တွင် အမြိတ်များကို လှပစွာချထားလေ့ရှိသည်။ ဘောင်းဘီတို သို့မဟုတ် လုံချည်များကိုလည်း ဝတ်ဆင်လေ့ရှိသည်။ ပွဲရက် များရှိသည့်အခါတွင် ယောကျာ်းလေးများသည် အဖြူ၊ အနီ၊ အနက်၊ အပြာ၊ အဝါ စသည်ဖြင့် ရောင်စုံအဆင်ဖော်ထားသော စောင်များကို ခြုံကြသည်။ ယောကျာ်းများသည် ဆံပင်ကို ရှေ့တည့်တည့် နဖူးအပေါ်တွင် တင်၍ထုံးတတ် ကြသည်။ ပွဲရက်များတွင် အနက်အစင်းကို ကန့်လန့်ဖော်ထားသော ခေါင်းပေါင်းများကို ပေါင်းလေ့ရှိပြီး“ဗာဇွန်”ခေါ် ငှက်တော်မြီးများကို ခေါင်းတွင် စိုက်ထိုးလေ့ရှိသည်။
ဖလမ်းနယ်တွင် ရှေးက ရိုးရာဖြစ်ဂျပ်ခုတ်ထည်များကိုသာ ဝတ်ဆင်ကြ သည်။ မိန်းမများသည် ဆံပင်ကို နောက်တွင်ထုံး၍ အချို့လည်း ဆံပင်ကို ချည်ကြိုးဖြင့် ရစ်ထုံးပြီး ဘယ်ဘက်တွင် ဖြစ်စေ၊ ညာဘက်တွင်ဖြစ်စေ ထားကြ လေသည်။ အချို့ဒေသများတွင် ဆံပင်ကို ကျစ်ဆံမြီးကျစ်၍ ဘေးတစ်ဖက် တစ်ချက်တွင် လည်းကောင်း၊ နောက်စိတည့်တည့်တွင် လည်းကောင်း ထုံးဖွဲ့ ထားတတ်သည်။ ဆံထုံးထုံးလျှင် ကြေး၊ သံ၊ ဒန်၊ ခဲမဖြူများကို မြေဖြူတောင့် အရွယ် ပြုလုပ်၍ နားတောင်းပန်ဆင်ကြသည်။ ပုလဲပုတီး၊ ငွေဒင်္ဂါးပုတီးနှင့် ကြေး၊ ရွှေ၊ ငွေ၊ ဒန်လက်ကောက်၊ လက်စွပ်များကိုလည်း ဝတ်ဆင်ကြသည်။
ဝတ်ဆင်
ပွဲရက်များတွင် အမျိုးသမီးများသည် သတ္တု၊ ငွေ၊ ကြေးနန်းခွေ၊ ခဲမဖြူ ခွေများဖြင့် သွန်းလောင်းပြုလုပ်ထားသော ခါးစည်း၊ ခါးပတ်များကို အလှ ဝတ်ဆင်သည်။ ပွဲတော်ရက်များတွင် ဒေသမျိုးနွယ်အလိုက် ပိုးချည်၊ သိုးမွေးချည်၊ ချည်ရောင်စုံများကို အလှအပဝတ်ဆင်သည်။ နေ့စဉ်ဝတ်သော အဝတ်မှာ ပခုံးပြတ်လက်တိုအင်္ကျီဖြစ်၍ ထဘီမှာ ရိုးရိုးအနက်ထည် ဖြစ်သည်။ အချို့ ဒေသများတွင် ထဘီများကို ခြေမျက်စိပေါ်ဝတ်ဆင်၍ အချို့ဒေသများတွင် ခြေသလုံးအထိ ဝတ်ဆင်လေ့ရှိကြသည်။ ရိုးရိုးအချိန်တွင် ထဘီရိုးရိုးကို ဝတ်ဆင် သော်လည်း ပွဲလမ်းသဘင်ရှိသည့်အခါတွင် အဖိုးတန်အလှဆင်သော ထဘီများ ကို ဝတ်ဆင်ကြသည်။ များသောအားဖြင့် ဒေါင်းမြီးနှင့် ဖြူဆူးတောင်များပါသော ခေါင်းလောင်းတန်ဆာကို မိန်းမများ ဝတ်ဆင်ကြသည်။
“တိုင်ရွှန်း”အမျိုးသမီးများသည် အနက်ရောင်ထဘီနှင့် အနက်ရောင်အင်္ကျီ ဝတ်ဆင်၍ ပွဲရက်များတွင် အနီရောင်ခေါင်းခွေဆင်ပြီး အင်္ကျီများတွင် ကြွစေ့ များကို စီထားကြသည်။ သန္တာစေ့၊ ကျောက်နီ၊ ပယင်းပုတီးများကိုလည်း ပွဲလမ်းသဘင်သုံး အဆင်တန်ဆာများအဖြစ် ဝတ်ဆင်ကြသည်။
ဖလမ်းမြို့နယ်တွင် ယောကျာ်းများသည် ရှေးအခါက နားဖောက်၍ နားတွင် ပုတီးနီစေ့တစ်စေ့ကို ကြိုးဖြင့်သီပြီး ပန်ဆင်သည်။ အချို့ယောကျာ်း များသည် သစ်သားနားတောင်းကို ဟင်္သာပြဒါးသုတ်၍ ငှက်မွေးတောင် အနီများပါစု၍စည်းပြီး နားတောင်းအဖြစ် ပန်ဆင်ကြသည်။ အချို့ဒေသများ တွင် အနီနှင့် စိမ်းပြာရောင်ပုတီးများ၊ မဟူရာပုတီးများ ဆွဲကြသည်။ ယောကျာ်း များမှာ ရှေးက နေ့စဉ်ဝတ်အဖြစ် ခါးစည်း၊ ခါးတောင်းကျိုက်၊ ဘောင်းဘီတို ဝတ်ဆင်၍ ခြုံစောင်ကိုခြုံပြီး လွယ်အိတ်ကို လွယ်ကြသည်။ ယောကျာ်းများမှာ ရှပ်ဖြူအင်္ကျီပေါ်တွင် အရောင်စုံ၊ အဆင်စုံရက်လုပ်ထားသော ခြုံစောင်များကို ခြုံ၍ ငယ်ထိပ်တည့်တည့်၌ လည်းကောင်း၊ နဖူးပေါ်တွင်လည်းကောင်း ဆံထုံးများထုံးပြီး ပဝါဖြင့် ရစ်ပတ်ထားကြသည်။
ဖလမ်းမြို့နယ်တွင် ရှိသော “ဟွာလ်ငို” အမျိုးသားများမှာ ရှပ်လက်ရှည် အဖြူကိုဝတ်ဆင်၍ ရှပ်အင်္ကျီအိတ်နှစ်လုံးကို အောက်နားလောက်တွင် တပ်ဆင်ထားလေ့ရှိသည်။ ပန်းကွက်စောင်ကိုလည်း လုံချည်အဖြစ် ဝတ်ဆင် သည်။
ချင်းတောင်တွင် ကလေးငယ်များမှာ များသောအားဖြင့် ယင်းတို့၏ ရိုးရာအတိုင်း ပုတီးစေ့များကို လည်တွင်ဝတ်ဆင်၍ ချည်ကြိုးများကို ခါးတွင် ပတ်ထားလေ့ရှိသည်။
မင်းတပ်၊ မတူပီဘက်တွင် အူးပူချင်းတို့မှအပ အခြားသော မင်းတပ်၊ မတူပီ ချင်းတို့သည် ဝတ်စားဆင်ယင်မှုတွင် အတော်အတန် တူညီမှုရှိလေသည်။
“အူးပူ”ချင်းတို့သည် လုံချည်နှင့် ထဘီများကို ဝတ်ဆင်ကြသည်။ ယင်းတို့၏ လုံချည်၊ ထဘီတို့မှာ ဂျပ်ခုတ်ဖြစ်၍ နှစ်နံစပ် ဖြစ်သည်။ အနီခံတွင် အနက်စင်းများ ကန့်လန့်ရက်၍ထားသည်။

အနည်းငယ်ကွာခြား
မင်းတပ်၊ မတူပီဘက်တွင် ယောကျာ်းများသည် ဆံရှည်ထား၍ ဦးထိပ် အရှေ့ကျကျတွင် ဆံထုံး ထုံးသည်။ ဆံထုံးကဲ့သို့ ဆံထိုးရှည်များ ထိုးလေ့ရှိ သည်။ နတ်ပွဲများကျင်းပသည့်အခါ ခေါင်းတွင် ပန်း သို့မဟုတ် ကြက်တောင်၊ ငှက်တောင်များကို ထိုးကြသည်။ ထုံးထားသောဆံထုံးကို ပတ်၍လည်း ခေါင်းပေါင်း ပေါင်းကြသည်။ ခေါင်းပေါင်း ပေါင်းနည်းမှာ တစ်မျိုးနှင့်တစ်မျိုး အနည်းငယ် ကွာခြားကြသည်။
ခါးတွင် လုံချည်အစား ခါးစည်းများကို ဝတ်ဆင်လေ့ရှိကြသည်။ တောင်တက်တောင်ဆင်း ခရီးများအတွက် အဆင်ပြေသော အဝတ်အစားများ ဖြစ်သည်။ အချို့လည်း အင်္ကျီအစား သင်တိုင်းဝတ်ကြသည်။ ဤသင်တိုင်းမှာ အနံတစ်တောင်၊ အလျား နှစ်တောင့်တစ်ထွာခန့်ရှိသော အဝတ်စကို ကြိုးများ တပ်ဆင်၍ ကြိုးကို ပခုံးတွင်သိုင်းလိုက်သောအခါ အဝတ်စတစ်ဖက်သည် ခေါက်၍ အနောက်ဘက်တင်ပါးလောက်အထိ ကျဆင်းသွားသည်။ အေးသော ရာသီဖြစ်သောကြောင့် စောင်များကို ခြုံထားလေ့ရှိကြသည်။ စောင်ကို ရိုးရိုး ခြုံသည်လည်းရှိသည်။ ပခုံးတွင် သိုင်း၍ချည်ကာ နောက်ဘက်သို့ ချထားခြင်း လည်းရှိသည်။
(ဆက်လက်ဖော်ပြပါမည်)