ဟိုပုံး    ၂၀   မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာတွင် နွေရာသီပူပြင်းခြောက်သွေ့မှုနှင့် စိမ့်စမ်းရေများ လျော့နည်းလာမှုကြောင့် သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ယနေ့နံနက် ၉ နာရီတွင် သောက်သုံးရေများသွားရောက်လှူဒါန်းသည်။

 

"အခုလိုသောက်သုံးရေလှူဒါန်းပေးသော ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်ပါတယ်။ အလွန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ရွာမှာ အိမ်ထောင် စုပေါင်း ၂၄၄ အုပ်စုရှိပြီး၊ လူဦးရေ ၈၅၀ဦးရှိပါတယ်။ ကျွန်တော်တို့ရွာမှာ တောင်ယာလုပ်ငန်းကို သာအဓိကလုပ်ကိုင်သူများ ဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း နွေရာသီကာလမှာ သောက်သုံးရေလုံ လောက်စွာရရှိနိုင်ရေး အခက်အခဲနဲ့ကြုံနေရပါတယ်" ဟု နောင်ခုံးကျေးရွာ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။

 

ထိုသို့ရေလှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်၊ မြို့နယ်မီးသတ်ဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးသီဟမျိုးဦးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က မီးသတ်ရေယာဉ်ဖြင့် ရေဂါလန် ၄၀ဝ၀ ကို နောင်ခုံးကျေးရွာသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြသည်။ ဆက်လက်၍ ဟိုပုံးမြို့နယ်အတွင်း သောက်သုံးရေအခက် အခဲဖြစ်ပေါ်နေသာ ဒေသများသို့ သွားရောက်၍ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)